
အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
သူဟာ ၂၀၂၅ ဖေဖော်ဝါရီလကမှ မိခင်ကလပ်ဆီ ပြန်လာပြီး နည်းပြအဖြစ် ၁၆ လကြာ တာဝန်ယူခဲ့တာပါ။
ဗန်ပါစီဟာ ဖီယင်နုကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ဆုဖလားတလုံးမှ မရခဲ့ဘဲ ဗလာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
ဖီယင်နုနည်းပညာဒါရိုက်တာ ဒီဗီရီဂိုးကတော့ အသင်းရဲ့ ကစားဟန်နဲ့ ရလဒ်ပိုင်းဟာ ပြည်တွင်းလိဂ်ရော ဥရောပပွဲတွေမှာပါ တဖြည်းဖြည်း ကျဆင်းလာတာကြောင့် ရာသီသစ်မှာ နည်းပြသစ်နဲ့ စတင်ဖို့ ဆုံးဖြတ်ခဲ့တာလို ဆိုပါတယ်။
အသက် ၄၂ နှစ်အရွယ် ဗန်ပါစီဟာ ဖီယင်နုကို ၅၈ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၃၀ ရခဲ့ပြီး ရှုံးပွဲ ၁၉ ပွဲ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ သူဟာ နောက်ထပ်ရွေးချယ်စရာ နည်းပြအလုပ်တွေကို ဆက်ပြီး စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။











