DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ဘားအံပြည်သူများ စိတ်မဝင်စား
DVB
·
November 13, 2025
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ဘားအံပြည်သူများ စိတ်မဝင်စား
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးရော၊ ရွေးကောက်ပွဲကိုရော စိတ်မဝင်စားဘူးလို့ မြို့ခံပြည်သူတွေ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပသွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ် ၃ ခုမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဘားအံမြို့မှာ ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၂၈ ရက်ကစပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးကာလအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေပါတယ်။

မြို့ခံတယောက်က “စိတ်ဝင်စားမှု ဘယ်သူမှမရှိဘူး။ ပိုနေမြဲ ကျားနေမြဲပဲ။ သူ့ဟာသူ စည်းရုံးရေး ဆင်းတာက ဆင်းတာပဲ။ ဓာတ်ပုံတွေတက်လာရင် သိသာပါတယ်။ လေး ငါး ဆယ်ယောက် ဒီလောက်ပဲရှိတယ်။ အုံနဲ့ကျင်းနဲ့ ဘာတခုမှ မရှိဘူး။ လူတွေက ဒီအပေါ်မှာ စိတ်မဝင်စားဘူးလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဓားကြောက်နေရတယ်။ ကြောက်နေရလို့ သွားကြတယ်။ ဒီလောက်ပဲရှိတယ်။ NLD လုံးဝကို ယှဉ်လို့မရဘူး။ NLD တုန်းက မဲဆွယ်စည်းရုံးရေးတုန်းက အုတ်အော်သောင်းတင်း၊ အင်နဲ့အားနဲ့၊ အခုက အကုန်လုံးက အင်နဲ့အားနဲ့မှ မရှိကြပဲဟာ” လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ ကြံ့ခိုင်ရေးပါတီဝင် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ အလုပ်သမားတွေ၊ ကျူးကျော်နေထိုင်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

လုံခြုံရေးအားကောင်းတဲ့ ဘားအံမြို့မှာ ရွေးကောက်ပွဲမှာ မဲပေးဖို့ ထင်ထင်ရှားရှား မတွေ့ရတဲ့အပြင် အသံတိတ်နေတယ်လို့ ကရင်နိုင်ငံရေးလေ့လာသူတယောက်က ပြောပါတယ်။

“ဘားအံမြို့ပေါ်ကျတော့ လုံခြုံရေးအတိုင်းအတာ တခုတော့ရှိတယ်။ ဒီမှာက မဲပေးမယ့်ကိစ္စကို ပေါ်ပေါ်တင်တင် ပြောတာတော့ နည်းတယ်။ မြို့ပေါ်မှာ စီးပွားရေးနဲ့ နိုင်ငံရေး ဆက်စပ်တဲ့ သူတချို့လောက်ကတော့ မဲပေးတဲ့ကိစ္စလောက်ကို ထင်ထင်ရှားရှား သူတို့ကိုတွေ့ပေမဲ့ တော်တော်များများက အသံတိတ်တယ်။ ပေးမယ် မပေးဘူး ဆိုတာကိုတော့ ထင်ထင်ရှားရှားကြီး ထုတ်မပြောဘူး။ အချိန်တန်ရင် ပေးရမယ်လို့တော့ နားလည်တဲ့သဘောတော့ ရှိတယ်။ မပေးတာတော့ မဟုတ်ဘူး။ ပေးရမှာလည်း ကြောက်တယ်။ အဲလိုမျိုး တွေ့ရတဲ့အခါကျတော့ သူတို့က အခုချိန်အထိတော့ တချို့တဝက်လောက်က ဒွိဟလောက် ရှိနေဦးမယ်လို့ ထင်တယ်။”

လာမယ့် ရွေးကောက်ပွဲ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ် ၁၀၀ မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဖာပွန်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ် ၂ ခုမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မဲဆွယ်စည်းရုံးရေး သွားရောက်ရာမှာ ပါတီကိုယ်စားလှယ်တချို့ဟာ နယ်မြေမလုံခြုံတဲ့အတွက် လမ်းကြောင်းအခြေအနေကြည့်ပြီး သွားရောက်နေရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားခဲ့ပြီး စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“၂၀၁၅ တို့ ၂၀၂၀ က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ပြည်သူတွေ စိတ်ဝင်စားတယ်။ ဘာကြောင့် စိတ်ဝင်စားလဲ။ ပြည်သူကိုယ်တိုင်က ဒါပေးရင် ဒါရမယ်။ ဒီလူပေးမှ ငါတို့ရဲ့ အခွင့်အရေး ဒါရမယ်ဆိုတာ ပြည်သူတွေက တကယ်ကို စိတ်ဆန္ဒရှိရှိနဲ့ သူတို့ကိုယ်တိုင် မဲစာရင်းမပါရင် လိုက်ပြီးတော့ ရပ်ကွက်ရုံးသွားပြီးဖြည့်။ ဒါမျိုးလုပ်ပြီးတော့ အားတက်သရော လုပ်ပြီးတော့ ပေးခဲ့တာ။ အခုရွေးကောက်ပွဲက သူတို့ သိနေပြီးသား။ ကျနော်ထင်တယ် မပါလေကြိုက်လေပဲ ပြည်သူအတွက်ကတော့။ မဲစာရင်းကို သူတို့စိတ်မဝင်စားဘူး။ ဒီရွေးကောက်ပွဲကိုလည်း သူတို့ စိတ်ဝင်စားမှာမဟုတ်ဘူး။”

စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲကို ကရင်ပြည်နယ်အတွင်းက မဲဆန္ဒနယ် ၇ ခုမှာ ကြံ့ခိုင်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၃၁ ယောက်၊ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၂၉ ယောက်၊ ပြည်နယ်လွှတ်တော်မှာ တသီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ်လောင်း ၃၇ ယောက် ဝင်ရောက် အရွေးခံမယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013