DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူအများစု လူမှုစီးပွားအကျပ်အတည်း မျှော်လင့်ချက်မဲ့အခြေအနေ ဖြစ်နေ
DVB
·
November 13, 2025
မြန်မာပြည်သူအများစု လူမှုစီးပွားအကျပ်အတည်း မျှော်လင့်ချက်မဲ့အခြေအနေ ဖြစ်နေ
Donate to DVB

လတ်တလောကာလ မြန်မာပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ လူမှုစီးပွားအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီးတော့ သုတေသနစစ်တမ်းတခုမှာ ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းကျော်က မျှော်လင့်ချက်မဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဖြေကြားလိုက်ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်အတွင်း စစ်ရေးပဋိပက္ခကို အခြေခံတဲ့ ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့မှုတွေနဲ့ ပြည်သူတွေအပေါ် သက်ရောက်မှုကို လေ့လာနိုင်ဖို့ ကောက်ယူတဲ့စစ်တမ်းမှာ ခုလိုတွေ့ရှိရတာ ဖြစ်ပါတယ်။

အဆိုပါ စစ်တမ်းကိုတော့ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နဲ့ တိုင်း ၁၅ ခုက မြို့နယ် ၈၅ မြို့နယ်ထဲက ပြည်သူ ၁,၀၁၅ ယောက် ပါဝင်ဖြေဆိုခဲ့ကြတာဖြစ်ပြီး ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်လာတဲ့ အခြေအနေ၊ ကျန်းမာရေးကဏ္ဍအပေါ် သက်ရောက်မှုတွေ၊ အသက်မွေးဝမ်းကျောင်းအပေါ် သက်ရောက်မှုတွေ၊ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ဖြေရှင်းကြပုံတွေ၊ ကူညီဖြေရှင်းပေးနိုင်စွမ်းနဲ့ မျှော်လင့်ချက် စတဲ့ အခြေအနေတွေကို မေးမြန်းခဲ့တာလို့ ဆိုပါတယ်။

စစ်တမ်းတွေ့ရှိချက်တွေအရ ကုန်သွယ်လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းမှာ နေ့စဥ်သုံး လူသုံးကုန်ပစ္စည်းတွေနဲ့ အခြေခံဆေးဝါးတွေ ပြတ်လပ်သွားခဲ့တဲ့အပြင် ဈေးနှုန်းတွေဟာလည်း တဆခွဲ၊ နှစ်ဆအထိ မြင့်တက်သွားခဲ့သလို တချို့သောနေရာတွေမှာတော့ သုံးဆ၊  လေးဆလောက်အထိ ဈေးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်မှုတွေလည်းရှိခဲ့ပြီး ဆေးဝါးပြတ်လပ်တာ၊ ဈေးတက်တာ၊ ဆေးရုံ၊ ဆေးခန်းသွားဖို့ ခက်ခဲတာတွေလည်း ဖြစ်ခဲ့တဲ့အပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့ပြီး အလုပ်အကိုင်ပြောင်းရတာ၊ ဝင်ငွေကျဆင်းတာတွေလည်း ဖြစ်ခဲ့ရတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။ 

အခက်အခဲနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရာမှာတော့ ချွေတာတာ၊ အသားငါး လျှော့စားတာမျိုးတွေနဲ့ ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရသလို ဒေသခံပရဟိတအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အကူအညီတွေနဲ့ ရုန်းကန်ရင်ဆိုင်နေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒအလွဲ၊ စီမံခန့်ခွဲမှုအမှားတွေက စီးပွားရေးစနစ်ကြီးတခုလုံးကို အလျဉ်ပြတ်စေခဲ့သလို နောက်ဆက်တွဲအနေနဲ့ လူမှုစီးပွားဒုက္ခများစွာကို လူထုက ရင်ဆိုင်ခဲ့ရပေမဲ့ အဲဒီအခြေအနေကို စစ်ကောင်စီ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေ၊ ဖွဲ့စည်းထားတဲ့ လူမှုရေးအသင်းအဖွဲ့တွေကလည်း ကူညီ ဖြေရှင်းပေးနိုင်စွမ်း နည်းပါးတာကို တွေ့ရပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ (PDFs/LPDFs) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ရဲ့ ကူညီဆောင်ရွက်ပေးနိုင်စွမ်းမှာလည်း အကန့်အသတ်များစွာ ရှိနေတယ်လို့ သုတေသနစစ်တမ်းအရ သိရပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းတက်တာ၊ အလုပ်အကိုင်မကောင်းတာတွေကြောင့် တနှစ်ထက်တနှစ် ဖူလုံလာတယ်လို့ မခံစားရကြောင်း စစ်တမ်းမှာ ပါဝင်သူတွေက ပြောခဲ့ကြသလို အာဏာသိမ်းပြီးနောက် အဘက်ဘက်က ယိုယွင်းလာတဲ့ အခြေအနေတွေကြားမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနဲ့ လုံခြုံစွာ ရှင်သန်နိုင်ရေးကို ပြည်သူတွေက အဓိက တောင့်တနေကြတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ရှုမြင်သုံးသပ်ရာမှာတော့ ‘ဆက်လက်ရုန်းကန်နိုင်ဦးမယ်’ လို့ စစ်တမ်းဖြေဆိုသူထက်ဝက်က ယူဆထားကြပေမဲ့ ‘မျှော်လင့်ချက်မဲ့ အခြေအနေပါပဲ’ လို ဖြေခဲ့သူများစွာလည်း ရှိနေပြီး ‘ပိုကောင်းလာလိမ့်မယ်’ လို့ ဖြေသူ အနည်းငယ်သာ ရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

ISP Myanmar အဖွဲ့ကတော့ အခုကောက်ယူခဲ့တဲ့ စစ်တမ်းတွေ့ရှိချက်တွေဟာ ကနဦး လေ့လာမှုသာဖြစ်ပြီး အပြီးအပြတ် သဘောမဟုတ်တာကို သတိပြုရမှာဖြစ်သလို အခုထက် ပိုမိုပြည့်စုံပြီး လွှမ်းခြုံမှုအားကောင်းတဲ့ လူမှုစီးပွားသုတေသနပြု လေ့လာချက် စစ်တမ်းတွေကို လုပ်ဆောင်ဖို့ လိုအပ်ဦးမယ်လို့ ပြောထားပါတယ်။

Source : ISP Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013