DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်သည့် အကျပ်အတည်း ဖြစ်လာနိုင်
DVB
·
December 15, 2023
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်သည့် အကျပ်အတည်း ဖြစ်လာနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ တိုက်ပွဲအချိန်ကြာလာတာနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် တနေ့တခြားပိုများလာပြီး စားနပ်ရိက္ခာမလုံလောက်တော့တဲ့ အကျပ်အတည်း ဖြစ်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကနေသိရတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းမှုကစတင်ခဲ့တဲ့ မြန်မာပြည်တွင်းပဋိပက္ခတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေပြီး စားနပ်ရိက္ခာ မလုံလောက်တဲ့အခက်အခဲကို ပြည်သူတွေ ရင်ဆိုင်နေရတာပါ။ 

အာဏာမသိမ်းခင် ကိုဗစ်ကာလမှာကတည်းက အလုပ်လက်မဲ့ပြဿနာ၊ စက်ရုံအလုပ်ရုံတွေ ရပ်နားရတာကြောင့် စားသောက်ကုန်ထုတ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်ခဲ့တာတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေရင်ဆိုင်ခဲ့ရပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ၂၀၂၃ ထုတ်ပြန်ချက်မှာ မြန်မာပြည်သူ ၃ ယောက်မှာ ၁ ယောက်ဟာ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ ဖော်ပြခဲ့ပြီး ခန့်မှန်းလူဦးရေ ၅၆ သန်းမှာ ၁၅ သန်းကျော်ဟာ ဒီအကျပ်အတည်းထဲမှာ ပိတ်မိနေတာဖြစ်ပါတယ်။ အာဏာမသိမ်းခင်က ငွေကျပ် ၂၀၀၀ တန် ဆန်တပြည်ဟာ လက်ရှိအချိန်မှာ ငွေကျပ် ၅၀၀၀ ကျော် ၆၀၀၀ နီးပါးဈေးရှိနေတာဖြစ်ပါတယ်။

ထီးချိုင့်နယ်ခံအမျိုးသမီးတဦးက "အရင်တုန်းက ကုန်ဈေးနှုန်းက ၂၅၀၀၊ ၃၀၀၀ ဆို အခုကတော့ ၅၀၀၀ လောက်အထိဖြစ်တယ်။ ခရမ်းချဉ်သီးတပိဿာကို ၅၀၀၀၊ ကြက်ဥတလုံးကို ၄၀၀ အဲ့လောက်အထိဖြစ်ပါတယ်" လို့ ပြောပါတယ်။

စစ်ကိုင်းစစ်ဘေးသင့်ပြည်သူတဦးက "စားရေးသောက်တာကတော့ နီးစပ်ရာရွာလေးတွေက ထမင်းထုပ်ဘာညာပို့ကြတာပေါ့။ တချို့ကြတော့လည်း အိမ်တွေသွားတော့ အိမ်တွေက ချက်ကျွေးတာပေါ့၊ အဲ့လိုပေါ့" လို့ ပြောပါတယ်။

တမူးနယ်ခံအမျိုးသမီးတဦးက "အခုဒီရက်အထိတော့ လမ်းတွေဘာတွေပိတ်ထားတော့ ရိက္ခာကတော့ ပြတ်သွားပြီ။ ပြတ်တယ်ဆိုတာက ရေရှည်စားဖို့အတွက်ကို ပြတ်တာပေါ့နော်။ အခုလောလောဆယ်ကတော့ စားဖို့ပြတ်တဲ့အနေအထားမျိုးတော့မရှိသေးဘူး" လို့ ပြောပါတယ်။

ကိုဇော်ထက် (ပုလဲ ပကဖ) က "အခုက စပါးရိတ်ပြီဆိုပေမယ့် စပါးခွံမချွတ်ရသေးဘူးပေါ့နော်။ မချွတ်ရသေးတော့ တလစာလောက်က ပြင်ပြင်ဆင်ဆင်လုပ်ထားနိုင်မှရမှာ။ တောင်သူတွေအကုန်လုံး စပါးတွေရိတ်သိမ်းပြီးတော့ ချွေလှေ့ပြီးတော့ သူတို့ဆီ အလှူခံပြီးတော့ စစ်ရှောင်တွေဆီ ဝေရတာတွေတော့ ရှိတာပေါ့" လို့ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာ ဖြစ်လာရတဲ့အကြောင်းအရင်းတွေကတော့ စစ်ရေးပြဿနာဆက်တိုက်ဖြစ်ပွားနေတာ၊ နေရပ်စွန့်ခွာပြောင်းရွှေ့တဲ့ လူဦးရေ တိုးလာတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး စက်သုံးဆီဈေး မြင့်တက်တာ၊ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာ၊ ၂ နှစ်ဆက်တိုက် စိုက်ပျိုးရာသီတွေမှာ ကောင်းကောင်းမစိုက်နိုင်ခဲ့တာ၊ ဆန်စက်-ဆီစက်တွေနဲ့ စားနပ်ရိက္ခာထုတ်လုပ်တဲ့ အခြေခံအဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့တာ၊ လမ်းပန်းဆက်သွယ်ရေး ရပ်တန့်ပြီး ကုန်စည်စီးဆင်းမှုအားနည်းတာ၊ ထုတ်ကုန်စရိတ်မြင့်တက်ပြီး လယ်ယာသွင်းအားစုစရိတ် မတတ်နိုင်တာ စတဲ့ အချက်တွေကြောင့်ဖြစ်ပါတယ်။

မကွေးဒေသခံနိုင်ငံရေးသမားတဦးက "ကုန်စည်စီးဆင်းမှုတွေကတော့ ပြောရရင်တော့ ကမောက်ကမပေါ့။ လုပ်ငန်းရှင်တွေကတော့ လမ်းကြောင်းတွေမှာ စကစ ဂိတ်ဆိုရင် စကစ က တောင်းတာပေးရတယ်။ PDF ဂိတ်ဆိုရင်လည်း PDF နဲ့ အဆင်ပြေအောင် လုပ်ရတယ်။ သိတဲ့အတိုင်းပဲပေါ့ ခေတ်အဆက်ဆက်တော့ လုပ်ငန်းရှင်ဆိုတာ လုပ်ငန်းဖြစ်ရေး သွားချင်တဲ့နေရာ ပို့ချင်တဲ့နေရာပစ္စည်းရောက်ရေးအဓိကဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ဖြတ်သန်းနေကြတယ် ဆိုတာမျိုးတော့ သိရတယ်ပေါ့။"

၂၀၂၁-၂၂ ဘဏ္ဏာနှစ်မှာ နိုင်ငံရဲ့ GDP ဟာ ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အလုပ်အကိုင်ပေါင်း ၁ သန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ၂၀၂၂ ကမ္ဘာ့ဘဏ်အစီအရင်ခံစာဖော်ပြခဲ့ပြီး ဆင်းရဲနွမ်းပါး တဲ့အခြေအနေကိုရောက်သွားတဲ့ လူဦးရေဟာ ကိုဗစ် ၁၉ မတိုင်ခင်ကာလကထက် ၂ ဆကျော် တိုးပွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလကစပြီး နယ်စပ်ကုန်သွယ်ရေးလမ်းတွေပိတ်ဆို့တာကြောင့် အထားမခံတဲ့ စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးတာကစပြီး စစ်အာဏာသိမ်းပြီးနောက် လယ်ယာထွက်ကုန်နဲ့ လုပ်ငန်းသုံးပစ္စည်းတွေ၊ ဆန်စက်ဆီစက်တွေမီးရှို့ဖျက်ဆီးခံရတဲ့အထိ ဆိုးရွားတဲ့အခြေအနေကို စိုက်ပျိုးရေးလုပ်ကိုင်တဲ့ အခြေခံပြည်သူတွေရင်ဆိုင်ခဲ့ရပါတယ်။

လျော့နည်းလာတဲ့ဝင်ငွေနဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းပမာဏ မမျှတမှုဟာ ပြည်သူတွေကို ပိုပြီးဆင်းရဲကြပ်တည်းတဲ့အခြေအနေကိုဆိုက်ရောက်စေခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်ပအဖ တာဝန်ရှိသူ ကိုရောမန် က "တော်လှန်ရေးကိုကြည့်မယ်ဆိုရင်တော့ အရှိန်အဟုန်နဲ့သွားနေတယ်။ ဒါပေမဲ့ လူမှုထောက်တိုင်နဲ့ လူမှုဘဝကိုကြည့်မယ်ဆိုရင် မင်းမဲ့စရိုက် ခေတ်ကို အချိန်မရွေးရောက်သွားနိုင်တဲ့ အခြေအနေအများကြီးရှိတယ်။ ဒါတွေကို အခုအချိန် နောက်တန်းမှာ ပညာရေးအရသော်လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း၊ စားနပ်ရိက္ခာ လူသားချင်းစာနာမှုအရသော်လည်းကောင်း၊ ကူညီရင်းနဲ့ ပြည်သူလူထုကို စုစည်းထားနိုင်ဖို့ ချိတ်ဆက်ထားနိုင်ဖို့ လိုမယ်ထင်တယ်" လို့ ပြောပါတယ်။

ပြည်သူတွေမှာ လူသားစာနာအကူအညီတွေရဖို့ အရေးပေါ်အခြေအနေ ဖြစ်ခဲ့ပေမဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ထောက်ပံ့ရေးလုပ်ဖို့ ဘက်ကိုပဲ အားသန်ခဲ့တာပါ။

အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို လိုအပ်တဲ့အကူအညီတွေ လက်ရှိအချိန်အထိ ရောက်မလာသေးတဲ့အတွက် နိုင်ငံတကာကထောက်ပံ့တဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာတွေဟာ ကရင်နီပြည်သူတွေအတွက်တော့ ဘာမှအကျိုးမဖြစ်ထွန်းခဲ့ဘူးလို့ ဒေသခံလူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကရင်နီ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဗညားက "ခုလက်ရှိစစ်ဘေးရှောင်အများစုက တိုင်းရင်းသားလက်နက်ကိုင်ဧရိယာတွေ နောက်ပြီးတော့မှ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေထဲမှာ ရောက်နေတဲ့အတွက်ကြောင့်မို့လို့ စစ်ကောင်စီကနေ ဘယ်လိုပဲပြောပြောပေါ့နော်။ မရနိုင်တဲ့ အခြေအနေ၊ ညှိနှိုင်းလို့လည်းမရှိတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူသားချင်းစာနာထောက်ထားမှု အကူအညီကတော့ ကျနော်တို့ ကရင်နီပြည်နယ်အတွက်ကတော့ ဘာမှတစုံတရာ အကျိုးဖြစ်ထွန်းလိမ့်မယ်မဟုတ်ဘူးဆိုတာ မှတ်ချက်ပေးချင်ပါတယ်" လို့ ပြောပါတယ်။

ဖြစ်ပေါ်နေတဲ့ စစ်ရေးမတည်ငြိမ်မှုတွေနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်း အခက်အခဲဖြစ်နေတဲ့ သူတွေကို အကူအညီပေးနိုင်ဖို့ အချက်အလက်တွေ၊ ကိန်းဂဏန်းစာရင်းဇယားတွေကို ကောက်ယူနိုင်ဖို့တောင် အခက်အခဲဖြစ်နေတာပါ။ ပြည်သူတွေဟာ လက်ထဲမှာပိုက်ဆံရှိရင်တောင် လိုအပ်တာကို လိုတဲ့အချိန်မှာ ဝယ်နိုင်ဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူဦးကျော်ဇော်က "ပြန်လည်တည်ဆောက်တဲ့အချိန်မှာ လိုအပ်တဲ့အချက်တွေကို လုပ်ဖို့အတွက် ကျနော်တို့ စဉ်းစား စီစဉ်ဆောင်ရွက်နေကြတယ်။ လောလောဆယ်မှာ စားနပ်ရိက္ခာမလုံလောက်တာ ကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေကို NUG ကနေပြီးတော့ လိုအပ်ချက်တွေ စားနပ်ရိက္ခာတွေကို ထောက်ပံ့ကူညီပေးနေတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း အစီရင်ခံစာတွေပေးတယ်။ အကူအညီတွေတောင်းတယ်။ စားနပ်ရိက္ခာဝေတဲ့ ထောက်ပံ့ပို့ဆောင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်။ ညှိနှိုင်းဆောင်ရွက်ပေးတာလည်း အဆင်သင့်ရှိပါတယ်။ တိုင်းရင်းသားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်ပေးနေတယ်။ လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးနေတယ်ဆိုတာ ပြောကြားချင်ပါတယ်" လို့ ပြောပါတယ်။

နိုင်ငံတကာပြည်သူတွေကို အကူအညီပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကိုယ်တိုင်ကလည်း ကမ္ဘာတဝန်း နိုင်ငံရေး၊ စစ်ရေးပြဿနာတွေကြောင့် စားနပ်ရိက္ခာလိုအပ်ချက် တနေ့တခြားမြင့်မားလာတာနဲ့အတူ ရန်ပုံငွေမလုံလောက်တဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။ 

WFP ဟာ လာမယ့် ၆ လအတွင်း မြန်မာပြည်သူတွေကိုထောက်ပံ့ဖို့အတွက်လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၅၉ ရာခိုင်နှုန်းပဲ လက်ဝယ်မှာရှိနေပြီး ရှေ့ဆက်လုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ အခက်အခဲဖြစ်နေတယ်လို့ သူတို့ရဲ့အစီအရင်ခံစာမှာဖော်ပြထားပါတယ်။ ...

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013