
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေးကေ့ကော်မြို့သစ်မှာ ဖမ်းဆီးအကျဉ်းချခံရပြီးနောက် ပြန်လွတ်လာတဲ့ မအူပင်မြို့ခံ CDM တချို့ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
မအူပင်မြို့မှာ စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅ ထုတ်လို့ လေးကေ့ကော်မြို့သစ်မှာ တိမ်းရှောင်နေရင်းနဲ့ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ ဒဏ်တွေနဲ့ ထောင်ထဲမှာရရှိခဲ့တဲ့ ဒဏ်တွေကြောင့် မွေးရပ်ဌာနေပြန်ပြီး ဆေးကုသမှု ခံယူနေချိန်မှာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
လေးကေ့ကော်မှာ CDM ပြုလုပ်ခဲ့ရင်း အဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းဆရာ ကိုမြတ်သီဟထွန်းက “မအူပင်မှာ ပြန်အဖမ်းခံရတာ ၂ ယောက်၊ သူတို့ကလည်း ကျန်းမာရေးမကောင်းလို့ ဆေးကုနေတဲ့အချိန် သူတို့နေအိမ်မှာ လာဖမ်းသွားတာ။ ၁၄ ရက် ၁၂ လ ၂၀၂၁ ခုနှစ်မှာ လေးကေ့ကော်မှာ အဖမ်းခံလိုက်ရတာ။ အဲဒီကနေ သင်္ကန်းညီနောင် စစ်ကြောရေး၊ နောက် သင်္ကန်းညီနောင်ရဲစခန်း၊ ပြီးမှ မြဝတီမြို့က အချုပ်ထောင်ပေါ့၊ အဲဒီကနေ မြဝတီမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ပေါ့၊ ၅၂ ဃ နဲ့ ထောင် ၅ နှစ်ဆီ ချခဲ့တာပေါ့၊ ၉ လပိုင်း ၂၀၂၅ မှာ ထောင်ကပြန်လွတ်လာတာပေါ့၊ ပြန်လွတ်တော့ ခုဖမ်းခံရတဲ့သူတွေက ကျန်းမာရေး အတော်လေး ဆိုးဝါးနေတော့ မအူပင်မြို့က သူတို့နေအိမ်တွေမှာ ဆေးကုသမှုတွေ လုပ်နေတုန်း စစ်တပ်က ပြန်ဖမ်းသွားတာ” လို့ ပြောပါတယ်။
ပြစ်ဒဏ်လွတ်ရက်စေ့လို့ ပြန်လွတ်လာပြီးနောက် ပြန်အဖမ်းခံရတဲ့သူ ၂ ယောက်က နိုင်ကျော်လင်းနဲ့ ကျော်မော်ထွန်းတို့ဖြစ်ကြပါတယ်။
ကိုမြတ်သီဟထွန်းက “လေးကေ့ကော်မှာ မအူပင်ကပဲ အဖမ်းခံလိုက်ရတာ ၁၁ ယောက်ရှိတယ်၊ အားလုံးပြန်လွတ်ပြီ။ တချို့က စစ်ကောင်စီတပ်ကို မယုံလို့ အထဲမပြန်ဘဲ လွတ်မြောက်ဒေသတွေကို ထွက်လာတာ။ သူတို့ကတော့ ကျန်းမာရေးအခြေနေက အရမ်းဆိုးဝါးလို့ ဆေးကုရင်း မိဘရပ်ထံ ပြန်ရတာ။ ကျနော်ကတော့ စစ်ကောင်စီတပ်ကို ဘယ်တော့မှ အယုံအကြည်မရှိဘူး။ တော်လှန်ရေးပြီးဆုံးတဲ့အထိ လုပ်သွားမှာ၊ သေတဲ့အထိ တော်လှန်သွားမှာ” လို့ ပြောပါတယ်။
မြန်မာပြည်အတွင်းမှာ စစ်တပ်အာဏာသိမ်းမှုကို မလိုလားလို့ CDM ပြုလုပ်ပြီး လွတ်မြောက်နယ်မြေတွေ ရောက်ရှိနေကြသူတွေကို ပြန်လည်ခေါ်ယူနေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမဲ့ CDM ပြုလုပ်လို့ ဖမ်းဆီးခံရပြီး ပြစ်မှုပြစ်ဒဏ် ကျခံပြီးသား သူတွေကိုတောင် ပြန်လည်ဖမ်းဆီး အရေးယူနေတယ်လို့ မအူပင်မြို့ခံတွေဆီက သိရပါတယ်။










