DVB Logo
Home
နိုင်ငံတကာ
ဂျော်ဂျီယာ၌ ဝန်ထမ်း ၂၀ ပါ တူရကီ စစ်ဘက်ကုန်တင်လေယာဉ် ပျက်ကျ
DVB
·
November 12, 2025
ဂျော်ဂျီယာ၌ ဝန်ထမ်း ၂၀ ပါ တူရကီ စစ်ဘက်ကုန်တင်လေယာဉ် ပျက်ကျ
Donate to DVB

တူရကီ စစ်ဘက်ကုန်တင်လေယာဉ် C-130 ဟာ နိုဝင်ဘာ ၁၁ ရက်က အနည်းဆုံး ဝန်ထမ်း ၂၀ လိုက်ပါပြီး အဇာဘိုင်ဂျန်ကနေ ပျံတက်ခဲ့ပြီးနောက် ဂျော်ဂျီယာမှာ ပျက်ကျသွားခဲ့ပါတယ်‌။

အာဏာပိုင်တွေက သေဆုံးသူအရေအတွက်ကို မသတ်မှတ်ရသေးကြောင်း သတင်းပို့ထားပြီး ကယ်ဆယ်ရေးလုပ်သားတွေလည်း အခင်းဖြစ်ပွားရာနေရာကို ဦးတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ တေယစ်ပ် အာဒိုဂန်ဟာ အန်ကာရာမှာ မိန့်ခွန်းပြောကြားနေချိန်အတွင်း “ကျွန်ုပ်တို့ရဲ့ အာဇာနည်တွေ” အတွက် ဝမ်းနည်းကြောင်း ကြားဖြတ် ထည့်သွင်းပြောကြားခဲ့ပါတယ်။

အာဒိုဂန်၊ သမ္မတရုံးနဲ့ ဝန်ကြီးဌာနတို့ဟာ လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းရင်းကို မပြောကြားခဲ့ဘဲ သေဆုံးသူ အရေအတွက်ကိုလည်း မဖော်ပြခဲ့ပါဘူး။

ဒေသမီဒီယာတွေက လေယာဉ်ပေါ်မှာ တူရကီနဲ့ အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင်တွေ ပါရှိကြောင်း ပြောပါတယ်။

အာဒိုဂန်နဲ့ ဖုန်းခေါ်ဆိုမှုအပြီး အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်က တရားဝင် ထုတ်ပြန်ချက်အရ အဇာဘိုင်ဂျန်နဲ့ ဂျော်ဂျီယာ နယ်စပ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုမှာ “စစ်မှုထမ်းတွေကို ဆုံးရှုံးခဲ့ရခြင်းရဲ့ ဝမ်းနည်းဖွယ်သတင်း” ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တူရကီကာကွယ်ရေးဝန်ကြီးဌာနဟာ လေယာဉ်အမှုထမ်းတွေ အပါအဝင် တူရကီဝန်ထမ်း အယောက် ၂၀ လေယာဉ်ပေါ်မှာ လိုက်ပါသွားကြောင်း ပြောကြားခဲ့ပေမဲ့ တခြားနိုင်ငံသားတွေ ဖြစ်နိုင်ချေရှိတဲ့ ခရီးသည်တွေအကြောင်း အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။

တူရကီနဲ့ ဂျော်ဂျီယာတို့ဟာ လေယာဉ်ပျက်ကျရာနေရာကို ရောက်ရှိဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

ဂျော်ဂျီယာနိုင်ငံ အင်တာပရက်စ် သတင်းဌာနက လေယာဉ်ဟာ အဇာဘိုင်ဂျန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အရှေ့ပိုင်း ဂျော်ဂျီယာ ကားကေးတီဒေသရှိ ဆိုင်နာ့ဂ်ဟီ မြူနီစပယ်တခုမှာ ပျက်ကျသွားကြောင်းနဲ့ အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်းရှိ လေတပ်တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့ C-130 Hercules ကို ထုတ်လုပ်တဲ့ လော့ခ်ဟိ(ထ်) မာတင် အမေရိကန်ကုမ္ပဏီကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013