
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဩဂုတ် ၂၇ ရက်က ရုရှားစစ်အရာရှိတယောက်နဲ့ သူ့ဇနီးတို့ စီးနင်းလာတဲ့ ကားတစီး ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စစ်အရာရှိမှာ နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ဖွှန်တန်ကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ သေဆုံးသူဟာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ဖြစ်ပြီး ဒဏ်ရာ ရရှိသွားတဲ့ သူ့ဇနီးကိုတော့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကတော့ ကားမီးလောင်မှုကြောင့် လူတယောက်သေဆုံးပြီး တယောက်ဒဏ်ရာရသွားကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ သေဆုံးသူဟာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။
ရုရှားမှာ အဆင့်မြင့် စစ်အရာရှိတွေနဲ့ စစ်ပွဲနဲ့ ပတ်သက်သူတွေ လုပ်ကြံခံရတဲ့ အဖြစ်အပျက် အများအပြား ရှိခဲ့ပြီး ရုရှားဘက်ကတော့ ယူကရိန်းလက်ချက်လို့ စွပ်စွဲလေ့ရှိပါတယ်။
ယူကရိန်းဘက်က တချို့ဖြစ်စဉ်တွေကို ဝန်ခံထားသလို တချို့ကိုတော့ ငြင်းဆန်ထားပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ယူကရိန်းဘက်က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လတ်တလော အလားတူဖြစ်စဉ်အနေနဲ့ ဩဂုတ် ၁၃ ရက်ကလည်း ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားမှာ ရုရှားစစ်အရာရှိတယောက် ဗုံးခွဲလုပ်ကြံခံခဲ့ရပြီး ယူကရိန်းအထူးတပ်ဖွဲ့ရဲ့ စေခိုင်းမှုနဲ့ လုပ်ကြံခဲ့တာဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးထားပါတယ်။
Source:Reuters











