
ရုရှားနိုင်ငံ လီနင်ဂရက်ဒေသကို ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်အပြီး မတ် ၂၂ နဲ့ ၂၃ ရက်တွေမှာ လေယာဉ်ခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်း၊ နှောင့်နှေးခဲ့ပြီးတဲ့နောက် စိန့်ပီတာစဘတ်မြို့က ပူလ်ကိုဗိုလေဆိပ်မှာ ခရီးသည်တွေက ကြမ်းပြင်ပေါ်မှာ အိပ်စက်ခဲ့ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။
လုံခြုံရေး အကြောင်းပြချက်တွေကြောင့် လေဆိပ်လုပ်ငန်းတွေကို ၁၆ နာရီလောက် ရပ်ဆိုင်းထားပေမဲ့ အဲဒီအချိန်တည်းက ပုံမှန်လုပ်ငန်းတွေကို ပြန်စခဲ့တယ်လို့ စီမံခန့်ခွဲမှုအဖွဲ့က ပြောခဲ့ပါတယ်။
လေကြောင်းကာကွယ်ရေးနဲ့ အီလက်ထရွန်းနစ် စစ်ပွဲယူနစ်တွေက ဒရုန်း ၇၀ ကျော်ကို ပစ်ချခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒားဒရိုက်ဇ်ဒန်ကိုက ပြောကြားခဲ့ပြီး သေဆုံးသူ မရှိဘူးလို့လည်း ဆိုပါတယ်။
ပရီမော့စ်ခ် ဆိပ်ကမ်းမြို့မှာ ဒရုန်းနဲ့တိုက်ခိုက်မှုတခုကြောင့် လောင်စာဆီတိုင်ကီ မီးလောင်မှုကို မီးသတ်သမားတွေက ငြှိမ်းသတ်နေချိန်မှာ ဗိုင်ဘော့ဂ်ခရိုင်မှာ ဓာတ်အားပို့လွှတ်ရေး တာဝါတိုင်တခု ပျက်စီးသွားတယ်လို့လည်း သူက ပြောပါတယ်။
ရှာဖွေရေးအဖွဲ့တွေက ဒရုန်းအပျက်အစီးတွေကို ရှာနေတယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။ ရုရှားရဲ့ အကြီးဆုံး ရေနံတင်ပို့ရာနေရာတွေဖြစ်တဲ့ ပရီမော့စ်ခ်နဲ့ အုစ်-လူဂါ ဒေသတွေက ဘောလ်တစ်ပင်လယ် ဆိပ်ကမ်းတွေမှာလည်း လုပ်ငန်းရပ်ဆိုင်းထားပါတယ်။
Source: Reuters










