DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းမှလွတ်လာသူ နိုင်ငံခြားသားများ တကျော့ပြန် မဝင်နိုင်ရေး ထိုင်း တားဆီးမည်
DVB
·
November 11, 2025
ကျားဖြန့်ဂိုဏ်းမှလွတ်လာသူ နိုင်ငံခြားသားများ တကျော့ပြန် မဝင်နိုင်ရေး ထိုင်း တားဆီးမည်
Donate to DVB

မြန်မာကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကနေ ထွက်ပြေးလာပြီး နေရပ်ပြန်ပို့လိုက်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ တကျော့ပြန် ဝင်ရောက်လာတာတွေ မရှိစေဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက လုံခြုံရေးတိုးမြှင့် စိစစ်သွားမယ်လို့ Khaosod English သတင်းမှာ ဖော်ပြပါတယ်။

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဗဟိုချက်မဖြစ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park အဆောက်အအုံကို မြန်မာဘက်က ဖျက်ဆီးမှုတွေ လုပ်ဆောင်နေချိန်မှာပဲ ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျူရို ကော်မရှင်နာ ဒုတိယဗိုလ်ချုပ်ကြီး ဖနုမတ်စ် ဘွန်ညာလပ်က ပိုမိုတင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ခုလိုအမိန့်ပေးလိုက်တာပါ။ 

ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ချန်ဂရွန် ရင်ဖဒီရဲ့ အဆိုအရ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်အထိ မြဝတီ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးပြီး ထိုင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်လာသူ ၁,၄၄၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲက အများစုကတော့ အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး ၄၆၅ ယောက်အထိ ပါဝင်နေသလို အာဖရိကန်နိုင်ငံတွေက အယောက် ၂၇၀၊ ဖိလစ်ပိုင်နိုင်ငံက အယောက် ၂၂၀ နဲ့ တရုတ် နိုင်ငံက ၁၈၇ ဦးပါဝင်ပြီး သူတို့အားလုံးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နေရပ်ပြန်ပို့နိုင်ဖို့ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့တဦးချင်းစီဟာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လူကုန်ကူးမှုနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုရဲ့ သားကောင်တွေကို ဖော်ထုတ်ဖို့နဲ့ ကူညီပေးနိုင်ဖို့အတွက် အမျိုးသားရည်ညွှန်းယန္တရား (NRM) အောက်မှာ စစ်ဆေးမေးမြန်းမှုတွေ ခံယူရမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုကတော့ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးအတွက် ဇီဝ မှတ်တမ်း အချက်အလက် ကောက်ယူစုဆောင်းမှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးထားပြီး ဒါဟာ သူတို့အနေနဲ့ မှားယွင်တဲ့ အထောက်အထားတွေနဲ့ ထိုင်းနိုင်ငံဆီ တကျော့ပြန် လည်ဝင်ရောက်မှုကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေက ထွက်ပြေးလာသူတွေထဲက တချို့က ပြန်လာဖို့ ကြိုးစားပြီး အိမ်နီးချင်းနိုင်ငံတွေထဲက ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် ထပ်မံကျရောက်နိုင်ကြောင်းလည်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိတွေက သတိပေးလိုက်ပါတယ်။

မနေ့က နိုဝင်ဘာ ၁၀ ရက်မှာ မြန်မာနိုင်ငံနဲ့နယ်စပ်၊ မဲဆောက်မြို့ကိုရောက်ရှိခဲ့တဲ့ ထိုင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ကလည်း ကျားဖြန့်လုပ်ငန်းတွေကို အရှိန်မြှင့် နှိမ်နင်းမှုတွေ လုပ်ဆောင်သွားမယ့်အကြောင်း ပြောထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတဝန်း လေဆိပ်လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကိုလည်း မြန်မာနိုင်ငံ ကျားဖြန့်ရာဇဝတ်ဂိုဏ်း လိမ်လည်မှုဗဟိုဌာနတွေ၊ အထူးသဖြင့် တောင်အာရှနဲ့ အရှေ့ အာဖရိကနိုင်ငံတွေကနေ အရင်က နှင်ထုတ်ခံရဖူးသူတွေကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ငြင်းပယ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

ခရီးသွားအစီအစဉ်၊ အပြန်လက်မှတ်၊ ဒါမှမဟုတ် ဟိုတယ်ဘွတ်ကင်မရှိဘဲ တယောက်တည်း ရောက်ရှိလာတဲ့ လူငယ်၊ ဒါမှမဟုတ် သက်လတ်ပိုင်းအရွယ် ခရီးသွားတွေကို သတိပေးဖို့လည်း အရာရှိတွေကို ညွှန်ကြားထားပြီး သူတို့ဟာ လူကုန်ကူးမှုကွန်ရက်တွေရဲ့ ပစ်မှတ်တွေ ဖြစ်နိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Khaosod English News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013