အင်္ဂလန် ချန်ပီယံရှစ် ရာသီအတွင်း ပြိုင်ဘက်အသင်း ၃ သင်းရဲ့ လေ့ကျင့်ရေးကွင်းတွေကို လျှို့ဝှက်ခိုးယူထောက်လှမ်းခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်တက်ခွင့် ပလေးအော့ဖ် ဗိုလ်လုပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
ဆောက်သမ်တန်ကို ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ရတဲ့ မစ်ဒယ်ဘရော့အသင်းဟာ ပြိုင်ပွဲထဲ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့ပြီး လာမဲ့စနေနေ့ ဝင်ဘလေကွင်းမှာ ဟားလ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်တက်မဲ့ နောက်ဆုံးနေရာအတွက် ယှဉ်ပြိုင်ရတော့မှာပါ။
ဆောက်သမ်တန်ဟာ အောက်စဖို့ဒ်၊ အစ်ဝစ်ချ်နဲ့ မစ်ဒယ်ဘရော့ အသင်းတွေရဲ့ လေ့ကျင့်ရေးတွေကို ခိုးယူဗီဒီယိုရိုက်ခဲ့တာကြောင့် လာမဲ့ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ရမှတ် ၄ မှတ် အနုတ်ခံရမှာ ဖြစ်ပါတယ်။
ဆောက်သမ်တန်ဘက်ကတော့ ဒီပြစ်ဒဏ်ဟာ ပြင်းထန်လွန်းတာကြောင့် ဗုဒ္ဓဟူးနေ့မှာ အမြန်ဆုံး အယူခံဝင်သွားဖို့ ပြင်ဆင်နေပါတယ်။











