
ဖိလစ်ပိုင်နိုင်ငံကုန်းတွင်းကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်း ဖွန်ဝေါင်ကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး လူပေါင်း ၁ ဒသမ ၄ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ စူပါတိုင်ဖွန်း ဖန်ဝေါင်က နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့လို့ ဘီကောဒေသက နေရာအများအပြားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက် အစောပိုင်းမှာ အော်ရိုရာပြည်နယ်ဆီ စူပါတိုင်ဖွန်း ဝင်မယ်လို့ ခန့်မှန်းထားလို့ လူတသန်းကျော် ဘေးလွတ်ရာဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး တာဝန်ရှိသူတွေက ဒေသခံတွေ ဘေးလွတ်ရာဆီရွှေ့ဖို့ တိုက်တွန်းထားပါတယ်။
မုန်တိုင်းကြောင့် လူဇုန်ဒေသရဲ့ နေရာအတော်များများမှာ မိုးသည်းတဲ့အပြင် တနာရီ မိုင် ၁၄၀ အထိ လေပြင်းတွေ တိုက်ခတ်နေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဖန်ဝေါင်မုန်တိုင်းဟာ တနာရီ ပျမ်းမျှ ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) လေတိုက်နှုန်းရှိခဲ့ပြီး လေပြင်းတိုက်ချိန်မှာ တနာရီ ကီလိုမီတာ ၂၃၀ (၁၄၃ မိုင်) အထိ ရှိခဲ့ပါတယ်။
မုန်တိုင်းမျက်စိဟာ နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး လူဇုန်ကျွန်းက အော်ရိုရာပြည်နယ်ကို နိုဝင်ဘာ ၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၁၀ မိနစ်မှာ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၁၀ ရက် မနက် ၂ နာရီဝန်းကျင်မှာတော့ ပုံမှန်တိုင်ဖွန်းအဖြစ် အားပျော့သွားပြီး လူဇုန်အနောက်ပိုင်း လာယူနီယံ ပြည်နယ်အပေါ် ဖြတ်ကျော်သွားခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေဆိပ်တွေ ပိတ်ထားရပြီး လေကြောင်းခရီးစဉ် ၃၀၀ နီးပါးကိုလည်း ဖျက်သိမ်းထားရပါတယ်။
လူဇုန်ဒေသတချို့နဲ့ မက်ထရိုမနီလာတဝိုက်မှာ မိုးသည်းနေပြီးတော့ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
အစိုးရက နိုင်ငံတဝန်း သဘာဝဘေးအန္တရာယ် ကြေညာထားပြီး မုန်တိုင်းသစ်ကြောင့် ကာလ်မေဂီ မုန်တိုင်းအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်ရဲ့ လူဦးရေအများဆုံး ကျွန်းဖြစ်တဲ့ လူဇုန်တဝန်း နေရာအတော်များများကို မုန်တိုင်းသတိပေးချက် အမြင့်ဆုံးနဲ့ ဒုတိယအမြင့်ဆုံးအဆင့်အောက်မှာ ထားရှိခဲ့ပြီး မက်ထရိုမနီလာနဲ့ အနီးနားက ပြည်နယ်တွေကို အဆင့် ၃ မှာ ဆက်ထားခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ အူဝန်လို့ သုံးတဲ့ ဖန်ဝေါင်မုန်တိုင်းဟာ လူ ၂၀၀ နီးပါး သေဆုံးစေခဲ့တဲ့ ကာလ်မေဂီ မုန်တိုင်းဝင်ပြီး ရက်ပိုင်းအကြာမှာ ထပ်ဝင်တဲ့ မုန်တိုင်းဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ ၂၂၄ ယောက်နဲ့ ဗီယက်နမ်မှာ ၅ ယောက် သေဆုံးခဲ့တဲ့ တိုင်ဖွန်း ကာလ်မေဂီကနေ ပြန်လည်နာလန်ထူလာခါစ ဖိလစ်ပိုင်နိုင်ငံမှာ ဖန်ဝေါင် စူပါတိုင်ဖွန်းမုန်တိုင်းဟာ အခုနှစ်အတွင်း ဝင်ရောက်တိုက်ခတ်တဲ့ ၂၁ ခုမြောက် မုန်တိုင်း ဖြစ်ပါတယ်။











