
တိုင်ဖွန်းမုန်တိုင်း ဖွန်ဝမ်ဟာ ဖိလစ်ပိုင်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ ပြည်နယ် မိုးလေဝသအေဂျင်စီ ပါဂါဆာက နိုဝင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပြီး လူပေါင်း ၁ သန်းကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
ဖွန်ဝမ်မုန်တိုင်းရဲ့ ဗဟိုချက်ဟာ အော်ရိုရာပြည်နယ်၊ ဒီနာလန်ဂန်မြို့ပေါ် ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ မိုးလေဝသအေဂျင်စီက နောက်ဆုံးသတင်းလွှာမှာ ဖော်ပြပါတယ်။
အော်ရိုရာပြည်နယ်ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ အစ္စဘယ်လာပြည်နယ်မှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးရွာသွန်းမှုတွေကြောင့် ကာဝါယန်မြို့က နေရာတချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မျက်မြင်သက်သေရဲ့ ပြောဆိုချက်ကို ကိုးကား ဖော်ပြပါတယ်။
ဖွန်ဝမ်မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေဆီ ဝင်ရောက်တိုက်ခတ်ချိန်မှာ လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး မိုးသက်လေပြင်းတွေကြောင့် ဘီကိုလ်ဒေသရဲ့ ကျယ်ပြန့်တဲ့ နေရာတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း မဝင်ရောက်မီ လူပေါင်း ၁ သန်းကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတာပါ။
လေတိုက်နှုန်း တနာရီ ၁၁၅ မိုင်နဲ့ လေပြင်းတိုက်ခတ်နှုန်း တနာရီ မိုင် ၁၄၀ ရှိတဲ့ ဖွန်ဝမ်မုန်တိုင်းက တနင်္ဂနွေနေ့ညမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇုံကျွန်းရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မျှော်လင့်ရပြီး နိုဝင်ဘာ ၁၀ ရက်မှာ ကျွန်းမကြီးရဲ့ ကုန်းမြေကနေ ပြန်ထွက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










