
မနေ့ညက ကစားခဲ့တဲ့ ONE Championship မွေထိုင်းပွဲစဉ်ရဲ့ ဒုတိယမြောက် ခေါင်ပွဲအဖြစ် မြန်မာနိုင်ငံက ကယန်းလက်ဝှေ့မယ် ဘရော်နီကာနဲ့ တရုတ်လက်ဝှေ့မယ် လီမင်ဂူရီတို့ ထိုးသတ်ရာမှာ ဘရော်နီကာက အမှတ်နဲ့ အနိုင်ရသွားပါတယ်။
ပထမအချီမှာ ဘရော်နီကာရဲ့ လက်သီးကြောင့် လီလဲကျခဲ့ရသလို လီကို ကြိုးဝိုင်းထောင့်မှာ ကပ်ပြီး ဖိထိုးနေချိန်မှာ လီရဲ့ တန်ပြန်ထောက်လက်သီးကြောင့်လည်း ဘရော်နီကာ လဲကျခဲ့ရပါတယ်။
နောက်ပိုင်းမှာလီက ခြေကန်ချက်တွေသုံးပြီး ခပ်ခွာခွာ ထိုးသတ်ခဲ့သလို ဘရော်နီကာကတော့ အနီးကပ် ပူးပြီး လက်သီးတံတောင်တွေနဲ့ ပွဲသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ပြိုင်ဘက် ကစားသမားက မာဂုဏ်ရှိတာကြောင့် အလဲထိုး အနိုင်မရခဲ့ပါဘဲ ၃ ချီပြည့်ချိန်မှာ အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘရော်နီကာဟာ ONE Championship ပြိုင်ပွဲမှာ ၂ ပွဲဆက် အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။
ကယန်းကျားသစ်မယ်လို့လည်း လူသိများတဲ့ ဘရော်နီကာဟာ မွေထိုင်းလက်ဝှေ့ပွဲ ၁၉ ပွဲထိုးသတ်ထားပြီး ၁၇ ပွဲကို အနိုင်ရထားပါတယ်။











