DVB Logo
Home
အားကစား
One Championship နှင့် မြန်မာလက်ဝှေ့ဖိုက်တာများ၏ အလားအလာ
DVB
·
October 27, 2024
One Championship နှင့် မြန်မာလက်ဝှေ့ဖိုက်တာများ၏ အလားအလာ
Donate to DVB

“မြန်မာကစားသမားတွေက ကြိုးစားကြပြီး ၁၀၀ ရာခိုင်နှုန်းအပြည့် ထိုးကြတယ်။ သူတို့ရဲ့ လက်ဝှေ့ကလည်း ကြမ်းတယ်၊ ကြည့်ကောင်းတယ်။ မြန်မာပြည်မှာ One ပွဲတွေ ကြိုက်နှစ်သက်ကြပြီး ကြည့်ရှုသူတွေလည်း များတယ်။ မြန်မာက အားကစားပွဲတွေထဲမှာ One က နံပါတ်တစ် အားကစားပါပဲ။ စိုးလင်းဦးကို အခွင့်အရေးပေးတာက သူက မာကျောပြီး မြန်မာပြည်ရဲ့ နံပါတ်တစ်အကောင်းဆုံးကစားသမား ဖြစ်လို့ပါ။”

ဒီမှတ်ချက်စကားတွေက စိုးလင်းဦးကို အမေရိကန်ဒေါ်လာ တသိန်းတန်စာချုပ် ချုပ်ဆိုလိုက်ပြီးနောက် One ရဲ့ Live အစီအစဉ်တခုမှာ ဥက္ကဋ္ဌ ချက်ထရီက ပြောခဲ့တာပါ။ ၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်က ကျင်းပခဲ့တဲ့ One Friday Fight 69 မှာ စိုးလင်းဦးက ထိုင်းဖိုက်တာ ပွန်းဆီရီကို အလဲထိုးနဲ့ အနိုင်ရပြီးနောက် One နဲ့ အမေရိကန်ဒေါ်လာ တသိန်းတန် စာချုပ် ချုပ်ခွင့်ရခဲ့တာပါ။ မြန်မာပြည်သူတွေအတွက် သူရဲကောင်းတဦးလိုအပ်နေပြီး အောင်လအန်ဆန် အလွန်မှာ စိုးလင်းဦးက မြန်မာပြည်သူတွေတွက် သူရဲကောင်းတဦး ဖြစ်ကြောင်းလည်း ချက်ထရီက ပြောခဲ့ဖူးပါတယ်။

စိုးလင်ဦးက မြန်မာလက်ဝှေ့ကစားသမားတွေထဲမှာ One နဲ့ ပထမဆုံးစာချုပ် ချုပ်ဆိုနိုင်တဲ့ ကစားသမားလို့ ဆိုနိုင်ပြီး ထိုးကြေးနဲ့ ဆုကြေးတွေလည်း ရရှိတာကြောင့် One ဆီ ကူးပြောင်းလာတာက သူ့ရဲ့ ကစားသမားဘဝတလျှောက် အကျိုးအမြတ်အများဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ ပြည်တွင်းမှာ လက်ဝှေ့ပွဲတွေ ရှားပါးလာမှုနဲ့အတူ လက်ဝှေ့ကစားသမားတွေအတွက်လည်း ပိုပြီးရုန်းကန်လာရတဲ့ အခြေအနေမှာ မွေထိုင်းဘက်ကို ကူးပြောင်းပြီး One Championship ပွဲတွေမှာ ဝင်ရောက်ထိုးသတ်ခွင့်ရလာတာက အခွင့်အရေးကောင်းတခုလို့ ဆိုကြပါတယ်။

လက်ဝှေ့ပရိသတ်တဦးက “One မှာရတဲ့ ထိုးကြေးနဲ့ ဆုကြေးတွေက မြန်မာလက်ဝှေ့ပွဲတွေ ထိုးတာထက် ပိုပြီး အကျိုးအမြတ်များတာမလို့ မြန်မာလက်ဝှေ့သမားတွေအတွက် ပိုပြီးအဆင်ပြေသလို ပိုပြီးတော့လည်း လူသိများလာကြတယ်။ စိုးလင်းဦး ဆိုရင် သူ့အတွက်တင်မကဘူး။ သူ့ရဲ့ ဒို့ရိုးရာကလပ်က မျိုးဆက်သစ်တွေအတွက်ပါ အထောက်အပံ့ကောင်း ရစေတယ်။ ဒါက မြန်မာလက်ဝှေ့ကို အကျိုးပြုတာပါပဲ” လို့ ပြောပါတယ်။

ခုဆိုရင် One Championship မှာ တရားဝင်စာချုပ် ချုပ်ဆိုခွင့်ရထားတာက စိုးလင်းဦးတယောက်ပဲ ရှိသေးပေမဲ့ အလားအလာရှိတဲ့ တခြားမြန်မာလက်ဝှေ့သမားတွေလည်း ရှိလာပါပြီ။ သန့်ဇင်၊ မိုးထက်အောင်၊ အဲမွီ၊ သွေးလင်းထက်၊ စူပါရေချမ်း၊ ထွန်းမင်းအောင်၊ ဆွန်ရက်ခ် အစရှိသူတွေ အပါအဝင် သွေးသစ်ဝင်းလှိုင် ဆိုရင်လည်း ထိုးသတ်ပုံပြောင်းလဲမယ်ဆိုရင် သူ့အတွက်လည်း အခွင့်အရေးကောင်းတွေ ရှိလာနိုင်ပါသေးတယ်။ One Championship ကတော့ စိုးလင်းဦးနဲ့ သန့်ဇင်ဟာ အောင်လအန်ဆန် အလွန်မှာ ထွန်းတောက်လာမယ့် မြန်မာကြယ်ပွင့်နှစ်ဦးလို့ ဆောင်းပါတပုဒ်မှာ ရေးသားချီးကျူးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် သြဂတ် ၂၃ ရက်မှာကျင်းပခဲ့တဲ့ One Friday Fights 76 မှာဆိုရင် မြန်မာကစားသမား ၅ ဦး အထိ စံချိန်တင် ပါဝင်ထိုးသတ်ခွင့်ရခဲ့ပါတယ်။ အဒီပွဲမှာ ထွန်းမင်းနိုင် ခေါ် ဆူလိုင်မန်နဲ့ စစိုးသီဟတို့ ရှုံးနိမ့်ခဲ့ပေမဲ့ သန့်ဇင်၊ သွေးလင်းထက်နဲ့ အဲမွီ တို့ အနိုင်ရခဲ့ပြီး မြန်မာဖိုက်တာတွေအတွက် မျက်နှာပန်းလှစေခဲ့ပါတယ်။

ပြည်တွင်း လက်ဝှေ့နည်းပြ ဆရာတဦးက“ဘယ်နှယောက် ပါဝင်ထိုးသတ်တယ် ဆိုတာထက် ဘယ်လောက်လုပ်ပြနိုင်လဲဆိုတာက ပိုအရေးကြီးပါတယ်။ မြန်မာလက်ဝှေ့သမားတွေက လက်သီးပဲ အားပြုကြတော့ ထိုးလုံးသတ် ပေါက်ပိုစုံတဲ့ မွေထိုင်းဖိုက်တာတွေကို ယှဉ်နိုင်ဖို့တော့ သေချာလေ့ကျင့် ပြင်ဆင်ထားဖို့လိုတယ်။ အမှတ်နဲ့ ဆုံးဖြတ်ရတဲ့ မွေထိုင်းပွဲစဉ်တွေမှာ အမှတ်ရအောင် ထိုးတတ်ဖို့လည်း လိုပါတယ်” လို့ မှတ်ချက်ပေးပါတယ်။

မြန်မာလက်ဝှေ့ကစားသမားတွေအနေနဲ့ မွေထိုင်းကစားသမားတွေနဲ့ ယှဉ်ပြီး ချန်ပီယံ ရွှေခါးပတ်အထိ စိန်ခေါ်ခွင့်ရချင်တယ်ဆိုရင်တော့ လိုအပ်ချက်ကိုယ်စီ ရှိနေသေးတာ အမှန်ပါ။ ဒါပေမဲ့ One နဲ့ လက်တွဲပြီး မွေထိုင်းပွဲစဉ်တွေမှာ စတင်ထိုးသတ်တာက တစ်နှစ် လောက်ပဲ ကြာသေးတာကြောင့် မြန်မာလက်ဝှေ့သမားတွေအတွက် ခေတ်တခုစတင်ဖို့ အားယူနေချိန်သာ ဖြစ်ပြီး အခုချိန်မှာ ထိုးသတ်ခွင့်ရတာကိုပဲ အခွင့်အရေးတခုအဖြစ် မှတ်ယူရဦးမှာပါ။

ဒါ့အပြင် အခုချိန်မှာ စတင်မှုက နောက်မျိုးဆက်သစ်တွေအတွက်လည်း လမ်းကြောင်းဖောက်ပြီးသား ဖြစ်လို့ ဆက်ပြီးလျှောက်လမ်းကြရုံပါပဲ။ 

အမျိုးသမီးပြိုင်ပွဲမှာတော့ ဘရော်နီကာက မွေထိုင်းချန်ပီယံရွှေခါးပတ်အတွက် စိန်ခေါ်သူ ဖြစ်လာနိုင်ပါတယ်။ 

အမျိုးသားပြိုင်ပွဲတွေမှာတော့ ရော့ထန်၊ စူပါလက်ခ်၊ တာဝမ်ချိုင်း၊ စူပါဘွန်း အစရှိတဲ့ မွေးထိုင်းချန်ပီယံတွေကို စိန်ခေါ်နိုင်ဖို့က မြန်မာလက်ဝှေ့ဖိုက်တာတွေအတွက် အချိန်တခု လိုအပ်နေဦးမှာပါ။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို မြန်မာဖိုက်တာတွေအတွက် ခြေလှမ်းတလှမ်း စတင်လှမ်းနေတဲ့ အချိန်သာဖြစ်လို့ ဒီချိန်မှာ တဖြည်းဖြည်းချင်း ရှေ့ဆက်လှမ်းနိုင်ကြဖို့သာ လိုအပ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013