
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံသား လားဟူတိုင်းရင်းသားလူငယ် ၂ ယောက်ထံကနေ စိတ်ကြွမူးယစ်ဆေးဝါး ၁၅၀,၀၀၀ နဲ့ အိုက်စ် မူးယစ်ဆေး အလေးချိန် ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။
မယ်ဖာ့လုံ မူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီလောက်က မယ်ဖာ့လုံမြို့နယ် မဲ့ဆလောင်းနောက် ရဲကင်းမှာ တာဝန်ထမ်းဆောင်နေစဉ် ရဲကင်းနဲ့ မီတာ ၂၀၀ ခန့်အကွာ ဆိုင်ကယ်ပြင်ဆိုင်ရှေ့မှာ သင်္ကာမကင်းတဲ့ လူငယ် ၂ ယောက်ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သွားရောက်မေးမြန်းပြီး သူတို့စီးလာတဲ့ ဆိုင်ကယ်ကိုပါ စစ်ဆေးရာမှာ ဆိုင်ကယ်ထိုင်ခုံအောက်မှာထည့်ထားတဲ့ အထုတ်ထဲကနေ စိတ်ကြွဆေးပြား ၁၅၀,၀၀၀ နဲ့ အိုက်စ် မူးယစ်ဆေး အလေးချိန် ၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
အဆိုပါ မူးယစ်ဆေးတွေဟာ နိုဝင်ဘာ ၂ ရက်က ထိုင်းမြောက်ပိုင်း၊ ကမ်ဖိုင်ဖစ်မြို့မှာ ဖမ်းဆီးရမိခဲ့တဲ့ အိုက်စ်ဆေး အလေးချိန် ၂၀၀ ကီလိုဂရမ်နဲ့ ထုပ်ပိုးပုံ၊ အရောင်တွေပါ တပုံစံတည်းဖြစ်တယ်။ အဲဒီနေ့က ကမ်ဖိုင်ဖစ်မြို့ရှိ တည်းခိုခန်းတခုမှာ ချင်းရိုင်းကနေ လာရောက်တည်းခိုနေသူ ၄ ယောက်ကို သင်္ကာမကင်းလို့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးပြီး သူတို့ကားပေါ်ကနေ အဆိုပါ အိုက်စ်ဆေးတွေ ဖမ်းမိတာဖြစ်ပါတယ်။
မူးယစ်ဆေးထုတ်ပုံစံနဲ့ လာရာလမ်းတူညီနေတာမို့ အဲဒီနှစ်ဖွဲ့ ဆက်စပ်မှုရှိမရှိကိုလည်း တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Maesaipress










