
ကဲလ်မေဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူသေဆုံးမှု ၁၁၄ ယောက်အထိ မြင့်တက်ခဲ့ပြီး နိုင်ငံအဆင့် ဘေးအန္တရာယ်အဖြစ် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက ကြေညာထားပါတယ်။
မုန်တိုင်းကြောင့် စီဘူးမြို့မှာ ရေလွှမ်းမိုးခဲ့ပြီး စီဘူး တမြို့တည်း ၇၁ ယောက် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လူ ၁၂၇ ယောက် ပျောက်ဆုံးနေပြီး ၈၂ ယောက် ဒဏ်ရာရနေတယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။
စီဘူးခရိုင်အာဏာပိုင်တွေက လူ ၂၈ ယောက် သေဆုံးတဲ့စာရင်းက အမျိုးသားကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်ထဲမှာ မပါဘူးလို့လည်း AFP မှာ ဖော်ပြပါတယ်။
ကဲလ်မေဂီ မုန်တိုင်းဟာ ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်က ဖိလစ်ပိုင်နိုင်ငံကနေ ထွက်ခွာခဲ့ပြီး ဗီယက်နမ်အလယ်ပိုင်းကို ဦးတည်နေပါတယ်။
ဖိလစ်ပိုင်ဒေသခံတွေက လက်ရှိအချိန်မှာ အပျက်အစီးရှင်းလင်းမှုတွေ လုပ်ဆောင်နေပြီး ကူညီမှုတွေ လိုအပ်နေပါတယ်။
သမ္မတ မားကို့စ်ဂျူနီယာက ကြာသပတေးနေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်ထပ် မုန်တိုင်းတခု လာဖို့ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
“ဒေသ ၁၀ ခုကနေ ၁၂ ခုအထိ မုန်တိုင်းဒဏ်ကို ခံခဲ့ရပါတယ်။ ဒါက နိုင်ငံအတွက် သဘာဝဘေးအန္တရာယ်ပါ” လို့ မားကို့စ်ဂျူနီယာက ပြောပါတယ်။
မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူသေဆုံးမှု အများကြီးဖြစ်ပွားခဲ့သလို ပစ္စည်းဥစ္စာတွေနဲ့ အလုပ်အကိုင်တွေပါ ဆုံးရှုံးခဲ့လို့ အစိုးရက အစားအသောက်နဲ့ ကူညီရေးတွေပေးဖို့ လိုအပ်နေပါတယ်။
မုန်တိုင်းကြောင့် စီဘူးမှာ လူ ၄ သိန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ စီဘူးမြို့တောင်ဘက်မှာ ကယ်ဆယ်ရေးအတွက် အကူအညီပေးတဲ့ စစ်တပ် ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး ၆ ယောက် သေဆုံးမှုလည်း ပါဝင်ပါတယ်။
တီနိုလို့ခေါ်တဲ့ ကဲလ်မေဂီ မုန်တိုင်းဟာ ဒီနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့တဲ့ အကြိမ် ၂၀ မြောက် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ဝင်ရောက်ခဲ့ပါသေးတယ်။
ကဲလ်မေဂီ မုန်တိုင်းဟာ တနာရီကို ကီလိုမီတာ ၁၅၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး အဆောက်အဦတွေ၊ သီးနှံခင်းတွေ ပျက်စီးခဲ့သလို ရေကြီးမှုဖြစ်ပွားပြီး လူသေဆုံးမှုတိုးလာတာ ဖြစ်ပါတယ်။
Source: Reuters











