DVB Logo
Home
မြန်မာသတင်း
ILO ၏ အကာအကွယ်မရသဖြင့် မြန်မာအလုပ်သမားသမဂ္ဂများ ဆက်ဖိနှိပ်ခံနေရ
DVB
·
November 6, 2025
ILO ၏ အကာအကွယ်မရသဖြင့် မြန်မာအလုပ်သမားသမဂ္ဂများ ဆက်ဖိနှိပ်ခံနေရ
Donate to DVB

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေကို ဖြိုခွဲ၊ ဖိနှိပ်တာတွေကြောင့် အရေးယူဖို့ ဆုံးဖြတ်ထားပေမဲ့ ကျူးလွန်ချိုးဖောက်တာတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

ILO ကနေ လက်တွေ့ကျပြီး ထိရောက်တဲ့ အကာအကွယ်မပေးနိုင်တာကြောင့် ပြည်တွင်းက အလုပ်သမားသမဂ္ဂတွေကို ဖြိုခွဲ၊ ဖိနှိပ်တဲ့ လုပ်ရပ်ကို လုပ်ငန်းရှင်တွေတင်မကဘဲ အာဏာသိမ်းစစ်ကောင်စီကပါ ဆက်လက်ကျူးလွန်နေတာလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

“စစ်အုပ်စုကိုယ်တိုင်က အလုပ်သမားသမဂ္ဂတွေ ရှိနေတာ မလိုလားတဲ့သဘော ရှိတယ်။ စောင့်ကြည့် သတိပေးခံထားရတဲ့ ကြားကနေ သမဂ္ဂအဖွဲ့ဝင်တွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ဆက်လုပ်နေတာပဲ ကြည့်လေ။”

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ သမဂ္ဂ ခေါင်းဆောင်ပိုင်းနဲ့ အဖွဲ့ဝင် ၉ ယောက်ကို စစ်တပ်က လတ်တလောမှာ ဖမ်းဆီး တရားစွဲဆိုထားတာ ရှိပါတယ်။

အဲဒီသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်သမားရေးရာကိစ္စနဲ့ မဆိုင်တဲ့ ပြစ်မူကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေနဲ့ တရားစွဲပြီး အာမခံမပေးဘဲ ထိန်းသိမ်းတာပါ။ 

အဲဒီလုပ်ရပ်က အလုပ်သမားအဖွဲ့အစည်းအပေါ် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်တဲ့သဘော ဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တယောက်က ပြောပါတယ်။

“အလုပ်သမားသမဂ္ဂတွေကို ခေါင်းမထောင်ရဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ပြတာတွေက အခုမှ မဟုတ်ဘူး။ ဒီလုပ်ရပ်က အလုပ်ရှင်အကြိုက်ပေါ့။” 

ဒါ့အပြင် စက်ရုံတချို့က အလုပ်သမားသမဂ္ဂတွေ ရှိနေတာ မလိုလားဘဲ သမဂ္ဂမှာ ပါဝင်သူတွေကို အကြောင်းရှာပြီး အလုပ်ထုတ်တာမျိုးနဲ့ ILO ရဲ့ ပြဋ္ဌာန်းချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။

အနီးစပ်ဆုံးဖြစ်ရပ်အနေနဲ့ ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်လည်ပတ်နေတဲ့ Bontech အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၆ ယောက်အလုပ်ထုတ်ခံရပြီး သမဂ္ဂဖြိုခွဲခံရတာ ရှိခဲ့တယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၈၇ နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို ချိုးဖောက်ကျူးလွန်နေတာကြောင့် အပြင်းထန်ဆုံး အရေးယူနိုင်တဲ့ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဇွန်လ ၅ ရက်မှာ ILO က အတည်ပြုဆုံးဖြတ်ထားတာ ရှိပါတယ်။

ILO ရဲ့ ဆုံးဖြတ်ချက်က လက်တွေ့ကျမှု ရှိမလာသေးတာနဲ့အမျှ ချိုးဖောက် ကျူးလွန်မှုတွေ ဆက်ရှိနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013