DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ အခြေခံရည်ညွှန်းစပါးဈေးက တောင်သူများအတွက် အရှုံးပေါ်
DVB
·
November 5, 2025
စစ်ကောင်စီ အခြေခံရည်ညွှန်းစပါးဈေးက တောင်သူများအတွက် အရှုံးပေါ်
Donate to DVB

စစ်ကောင်စီရဲ့ အခြေခံရည်ညွှန်း စပါးဈေးက တောင်သူတွေအတွက် အားကိုးလောက်တဲ့ ဈေးဖြစ်မလာပဲ အရှုံးပေါ်တဲ့ ဈေးသာဖြစ်လာတယ်လို့ တောင်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီက ၂၀၂၅ မိုးစပါးနဲ့ ၂၀၂၆ နွေစပါးအတွက် အခြေခံရည်ညွှန်းစပါးဈေးကို စပါးအခြောက်အသန့် တတင်း ၄၆ ကိုက်၊ စပါးတင်းတရာကို ကျပ် ၁၁ သိန်းခွဲဈေး ထုတ်ပြန်လိုက်ပြီး ဒီဈေးက တောင်သူတွေအတွက် စပါးဆက်လက်စိုက်ပျိုးဖို့ ယိုင်နဲ့လာတဲ့ အခြေနေကို ပိုပြီးပြိုလဲလာစေမှာဖြစ်ပါတယ်။ 

လတ်တလော စပါးရိတ်ချိန်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီက လယ်သမားတွေဟာ စပါးမပျက်ဖို့ ရင်တမမနဲ့ စောင့်ကြည့်နေကြရပါတယ်။  

လယ်သမားတယောက်က “မရဘူး။ မရဘူးဆိုတာ အခုဒါ မိုးစပါး၊ နွေစပါးပြန်စိုက်ဖို့ လယ်သမားက အားခဲတဲ့အခါကျတော့ ဒီဈေးနဲ့ကျတော့ စိုက်ဖို့ စဥ်းစားသွားပြီ။ နွေဘက်ကျ ကုန်ကျစရိတ်က ၁၀ သိန်းလောက်ကုန်တယ်။ နွေစပါးစိုက်ဖို့ တဧက ၁၀ သိန်းလောက်ကုန်တော့ မိုးစပါးကို ဒီဈေးသတ်မှတ်လိုက်ရင် စိုက်မယ့်သူ နည်းသွားတာပေါ့။ ဘာကခံသာလဲဆိုတော့ ကောက်ညှင်းက သိန်း ၃၀၊ ၃၁ သိန်းလောက် ရောင်းရတယ်။ အခု ကောက်ညှင်းပါတဲ့ လယ်သမားကျ မြတ်သွားပြီ။ ကောက်ညှင်းပါတဲ့ လယ်သမားကျ အမြတ်နည်းနည်းရှိသွားပြီ။ ကောက်ညှင်းမပါတဲ့ လယ်သမားကျ အရှုံးဘက်ကိုသွားနေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မိုးစပါးရာသီအစမှာ စပါးအဟောင်းဈေးတွေကအစ ကျဆင်းနေသလို အိန္ဒိယနိုင်ငံက ဆန်တန်ချိန် ၂၄ သန်းကို ထုတ်ရောင်းလာတဲ့အတွက် ကမ္ဘာ့ဆန်ဈေးက တတန်ကို ဒေါ်လာ ၁၀၀ ကျော် ကျဆင်းခဲ့ပါတယ်။ 

ဒီအခြေနေက မြန်မာဆန် Exporter တွေ ဆန်တင်ပို့ရောင်းချဖို့ အခက်အခဲတွေ ဖြစ်လာပြီး စပါးမပေါ်ခင်ကတည်းက ဆန်စပါးကုန်သည်အချင်းချင်း စပါးပေါ်ချိန်ဝယ်ယူရေးမှာ သတိထားဖို့ သတိပေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။

စပါးဈေး ဆက်တိုက်ကျဆင်းလာတဲ့အပြင် လုပ်သားရှားပါးတာ၊ သွင်းအားစု ဈေးမြင့်တာ တွေကြောင့် တောင်သူတွေဟာ စပါးအရည်အသွေးနဲ့အထွက်နှုန်းတိုးအောင် စနစ်တကျ မစိုက်ပျိုးနိုင်တော့တဲ့အတွက် အထွက်နှုန်းတွေ ကျဆင်းလာသလို သွင်းအားစုကုန်ကျစရိတ်က လျှော့ချပေမဲ့ အတက်ဈေးမှာပဲရှိနေလို့ လျော့ကျလာတာမရှိခဲ့ပါဘူး။ 

ဒါကြောင့် မိုးစပါးတဧကကို စစ်ကောင်စီက ပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ သတ်မှတ်ထားပေမဲ့ ပျမ်းမျှ တင်း ၅၀ လောက်သာ ထွက်လာပါတော့တယ်။

စပါးတင်း ၁၀၀ ကုန်ကျစရိတ်က အနည်းဆုံး ကျပ် ၁၂ သိန်းလောက်ဖြစ်လာပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဧပြီလအတွင်း အခြောက်ကြဲစိုက်ပျိုးထားတဲ့ စပါးတွေ စက်တင်ဘာလပေါ်ချိန်မှာ စပါးတင်း ၁၀၀ ကို ကျပ် ၈ သိန်းခွဲ၊ ၉ သိန်းသာပေါက်ဈေးရှိလို့ ပြီးခဲ့တဲ့ နှစ်ကထုတ်ပြန်ခဲ့တဲ့ အခြေခံရည်ညွှန်းစပါးဈေးဖြစ်တဲ့ ကျပ် ၉ သိန်းခွဲအောက် ကျဆင်းခဲ့တာဖြစ်ပါတယ်။

လတ်တလော စစ်ကောင်စီက ၂၀၂၅ မိုးစပါးနဲ့ ၂၀၂၆ နွေစပါးရာသီအတွက် ထုတ်ပြန်လိုက်တဲ့ အခြေခံရည်ညွှန်းစပါးဈေးကလည်း မိုးရေထဲမှာ အစိုရိတ်ရမယ့် လယ်သမားတွေအတွက် စပါးအခြောက်၊ အသန့်ဈေးသတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးအောက်ကျဆင်းလာမှာဖြစ်သလို ဝယ်သူရှားတဲ့အခြေနေနဲ့လည်း ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။  ဒီအခြေနေဟာ ရာသီဥတုကြောင့် စပါးအထွက်ကောင်းမွန်တဲ့ လာမယ့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်လာစေမယ်လို့ တောင်သူတယောက်က သုံးသပ်ပါတယ်။

“မြေဆီဘာညာကျွေးပြီးတော့ သေချာရှယ်စိုက်ထား၊ သေချာရှယ်ကုန်တာပေါ့။ သေချာရှယ်မွဲတာပေါ့။ အများစုက ဒီပုံစံပဲဖြစ်တဲ့အခါကျတော့ ဘယ်သူက ဒီစပါးထွက်ဖို့ကို အားကျိုးမာန်တက် လုံလစိုက်ပြီး လုပ်တော့မှာတုန်း။ ဝတ်ကျေတန်းကျေပေါ့။ ရရင် ယူမယ်၊ မရလည်း မယူဘူးဆိုတဲ့ အထိခိုက်နည်းတဲ့နှုန်းလောက်ပဲ ဝတ်ကျေတန်းကျေ စက်လေးမောင်း၊ မြက်လေးရှင်းပြီးတော့ နွေကတည်းက အခြောက်ကြဲ အဲ့တော့လည်း ဒီစပါး ကဘယ်လိုလုပ်ထွက်မလဲ။”

ဒီလိုအခြေအနေတွေကြောင့် စိုက်ဧက ၁၅ သန်းအထိ လုပ်ကိုင်နေတဲ့ မိုးစပါးလုပ်ငန်းဟာ စနစ်တကျ ပျိုးထောင်ကောက်စိုက်ရာကနေ အစိုကြဲပက်စိုက်ပျိုးတဲ့စနစ်ကို ကျဆင်းခဲ့သလို အခုအခါမှာတော့ ပိုဆိုးလာတဲ့ အခြောက်ကြဲပက်စိုက်ပျိုးပြီး ကုန်ကျစရိတ်ကို အဆင့်ဆင့်လျှော့ချလာရင်း ပေါင်းပင်တွေကြား စပါးပင်ရှာရခက်တဲ့ အခြေနေကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

ဒါ့အပြင် စိုက်ဧက ၂ သန်းရှိပြီး ဆန်အရည်အသွေးကောင်းမွန်လို့ အားထားစိုက်ပျိုးရတဲ့ နွေစပါးစိုက်ပျိုးရေးလုပ်ငန်းကလည်း စစ်ကောင်စီက စိုက်ဧက ၁ သန်းအထိ တိုးမြှင့်ဖို့ ရည်မှန်းထားပေမဲ့ အကျိုးအမြတ်အရ စပါးစိုက်ပျိုးဖို့ ခက်ခဲလာတဲ့အတွက် မူလ စိုက်ဧကကို ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ပိုပြီးခက်ခဲလာမှာဖြစ်ပါတယ်။

စစ်ကောင်စီက စပါးစိုက်ပျိုးရာဒေသတွေမှာ လယ်တွေကို မလှပ်ထားဖို့ ဆိုင်းဘုတ်တွေ ထောင်လာကြတာက တောင်သူတွေ စပါးစိုက်ဖို့ ခက်ခဲလာတဲ့အခြေနေပေါ်မှာ မစိုက်မပျိုးဘဲ လယ်မနားရဲတဲ့ အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ 

တောင်သူတွေမှာ အခက်အခဲတွေ ပိုပြီးကျပ်တည်းလာနေပေမဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဖွဲ့စည်းထားတဲ့ ဦးဆောင်အဖွဲ့က ထုတ်ပြန်လာတဲ့ အခြေခံရည်ညွှန်းစပါးဈေးကလည်း တောင်သူတွေအတွက် သက်သာရာ မဖြစ်ဘဲ ဘူးလေးရာ ဖရုံဆင့်သလို စင်ပါပြိုလဲရတဲ့အခြေနေကို ရောက်ရှိစေပါတယ်။ 

ဟန်န 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013