
အီတလီနိုင်ငံမြို့တော် ရောမရဲ့ မြို့လယ်မှာ ပြန်ပြုပြင်မွမ်းမံနေတဲ့ အလယ်ခေတ်မျှော်စင်တခု နိုဝင်ဘာ ၃ ရက်က ဒုတိယအကြိမ် တစိတ်တပိုင်းပြိုကျခဲ့ပါတယ်။
မျှော်စင်ရဲ့ ပထမတစိတ်တပိုင်း ပြိုကျအပြီး အလုပ်သမားတယောက် ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ခဲ့ရပါတယ်။
နောက်ထပ်အလုပ်သမား ၂ ယောက် ဒဏ်ရာနည်းနည်းရခဲ့ပြီး ဆေးရုံတက်ဖို့ ငြင်းဆိုခဲ့တယ်လို့ ANSA သတင်းဌာနက ဖော်ပြပါတယ်။
အစောပိုင်းက အရေးပေါ်ဌာနတွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတယောက်ကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ အမျိုးသားမီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ လူကာ ကာရီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
၉၅ ပေရှည်တဲ့ တော်ရီဒီကွန်တီမျှော်စင်ဟာ ပီရာဇာဗီနဇီရာရင်ပြင်ကနေ ကိုလော့စ်ဆီယမ် ကွင်းကြီးဆီ ဦးတည်နေပြီး ကျယ်ပြန့်တဲ့ ဗီရာဒီဖိုရီအမ်ပီရာလီလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။
အဆောက်အအုံကို ၂၀၀၆ ခုနှစ်ကစပြီး မသုံးတော့ပေမဲ့ လာမယ့်နှစ်မှာ ပြီးမယ့် ၄ နှစ်ကြာ ပြန်လည်ပြုပြင်မွမ်းမံရေး စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် လုပ်ဆောင်နေတာလို့ ရောမမြို့ အာဏာပိုင်တွေက ပြောပါတယ်။
မျှော်စင်ရဲ့ ပြတင်းပေါက်တွေကနေ ဖုန်မှုန့်တွေ လွင့်နေပြီး အုတ်တံတိုင်းပြိုကျသံတွေ ကြားနေရတာကို လူမှုမီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
ပြန်လည်ပြုပြင်မွမ်းမံရေး လုပ်ငန်းတွေကြောင့် မျှော်စင်ပတ်လည်က နေရာကို လမ်းလျှောက်သူတွေအတွက် ပိတ်ထားခဲ့ပါတယ်။
အဲဒီအဆောက်အအုံကို ၁၃ ရာစုအစောပိုင်းမှာ ပုပ်ရဟန်းမင်းကြီး တတိယမြောက် အင်နိုးဆင့်က သူ့မိသားစုအတွက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










