DVB Logo
Home
မြန်မာသတင်း
ညစ်ညမ်းစကားလုံးများဖြင့် ဆဲရေးတိုင်းထွာခဲ့သည့် ရက်ပ်အဆိုတော်ကို စစ်တပ်က ဖမ်းဆီး 
DVB
·
November 4, 2025
ညစ်ညမ်းစကားလုံးများဖြင့် ဆဲရေးတိုင်းထွာခဲ့သည့် ရက်ပ်အဆိုတော်ကို စစ်တပ်က ဖမ်းဆီး 
Donate to DVB

ရန်ကုန်၊ သုဝဏ္ဏမှာ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက် ညတွေမှာ ကျင်းပခဲ့တဲ့ Overflow Festival ဖျော်ဖြေပွဲမှာ စတိတ်စင်ပေါ်ကနေ ကွန်ဒုံးဝေရင်း ညစ်ညမ်းစကားလုံးတွေပြောဆို ဆဲရေးတိုင်းထွာခဲ့တဲ့ Wink Owens ဂီတအဖွဲ့ရဲ့ ရက်ပါအဆိုတော်ကို စစ်တပ်က နိုဝင်ဘာ ၃ ရက်က ဖမ်ဆီးသွားပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

အဲဒီ အဆိုတော်ကို ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံသူတွေနဲ့ မန္တလေးက သာသနာသန့်ရှင်းရေး ဝိသောဓနီအဖွဲ့က ဆရာတော်တွေက လှုံ့ဆော်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာလည်း ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

အဲဒီလို လှုံ့ဆော်မှုနဲ့ ဝေဖန်မှုတွေ ထွက်လာတဲ့နောက် စစ်တပ်က ဖမ်းဆီးလိုက်တာလို့ နီးစပ်သူတယောက်က ပြောပါတယ်။

“စင်ပေါ်မှာ ဆဲရေးတိုင်းထွာပြီး အောက်လုံးတွေနဲ့ ပြောခဲ့လို့ ဖမ်းလိုက်ပါပြီ။ စစ်တပ်က အမှုပေါင်း ၃ ခုနဲ့ တရားစွဲဆိုထားတယ်။”

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာတော့ အဲဒီ လူငယ်အဆိုတော်ဟာ စတိတ်စင်ပေါ်ကနေ မိုက္ကရိုဖုန်းကိုင်ပြီး ဆဲရေးတိုင်းထွာကာ ကွန်ဒုံးတွေ ကြဲချခဲ့တာကို တွေ့ရပါတယ်။

ဒီအပြုအမူဟာ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေပြီး ရိုင်းပျတဲ့အပြုအမူ ဖြစ်တာကြောင့် ဖမ်းဆီး အရေးယူဖို့ လူမှုကွန်ရက် အသုံးပြုသူတွေကလည်း ဝိုင်းဝန်းတိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။

လူမှုကွန်ရက်မှာ ရုပ်သံဖိုင်ပျံ့နှံ့ခဲ့ပြီးနောက် Wink Owens အဖွဲ့အနေနဲ့ အနူးအညွတ် တောင်းပန်တဲ့အကြောင်းနဲ့ ထပ်ပြီးနောက်နောင်မဖြစ်အောင် ဆင်ခြင်ပါ့မယ်လို့  လူမှုကွန်ရက်စာမျက်နှာကနေ  ရေးသားတောင်းပန်ခဲ့ပါတယ်။

ဒါ့အပြင် Overflow Festival ဖျော်ဖြေပွဲ ကျင်းပသူတွေကလည်း အဲဒီအဆိုတော် Wink နဲ့ Bkho Bain ကို လက်တွဲဖြုတ်လိုက်တယ်လို့ အသိပေးခဲ့ပါတယ်။

“ဒီလိုကိစ္စမျိုး နောက်နောင် ဘယ်တော့မှ ထပ်မဖြစ်အောင် သေချာ ကြပ်မတ်ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်” ပွဲစီစဉ်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်က နိုဝင်ဘာ ၃ ရက်မှာ အဲဒီအဆိုတော်ကို ဖမ်းဆီးသွားပြီဆိုတဲ့အကြောင်း စစ်တပ် ထောက်ခံသူ အဆိုတော် ယုန်လေးကလည်း သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် မျှဝေထားပါတယ်။

“ဖမ်းသွားပါပြီ။ မနောက်ဘူး ဖြစ်စေချင်လို့ မဟုတ်ဘူး။ ဖြစ်နိုင်တာ ပြောပြတာ။ အဲဒီလို အပြောအဆိုနဲ့ ရောက်သွားတာဆိုတော့ သူ့ကို စင်ပေါ်မှာ သူ ပြောသလို သူ့ကို လုပ်ခံရနိုင်တယ်။ အထဲမှာ ကွန်ဒုံးတော့ မရှိလောက်ဘူး။ လူငယ်တယောက်ကို မလှောင်ပါဘူး”လို့ ယုန်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ အသိပေးထားတာပါ။

လက်ရှိမှာ အဲဒီလူငယ် အဆိုတော်ကို ဘယ်မှာ ထိန်းသိမ်းထားပြီး ဘယ်ပုဒ်မတွေနဲ့ အရေးယူမယ် ဆိုတာကို အသေးစိတ် မသိရှိရသေးပါဘူး။

အဲဒီ လူငယ်အဆိုတော်ဟာ မန္တလေးမှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးသား လူငယ် အဆိုတော် J Fire ဟာ သူ့ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ တော်လှန်ရေးနဲ့ပတ်သက်လို့ လှောင်ပြောင်ပြောဆိုခဲ့တဲ့ စကားတွေကြောင့် ဝေဖန်မှုတွေ ခံနေရတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013