DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားနိုင်ငံသားများက အမေရိကန်သမ္မတ၏ စစ်ရေးရာဇသံကို ကြိုဆို
DVB
·
November 3, 2025
နိုင်ဂျီးရီးယားနိုင်ငံသားများက အမေရိကန်သမ္မတ၏ စစ်ရေးရာဇသံကို ကြိုဆို
Donate to DVB

အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ ခရစ်ယာန်တွေကို သတ်ဖြတ်မှုကို နှိမ်နင်းဖို့ ပျက်ကွက်ရင် နိုင်ဂျီးရီးယားအပေါ် စစ်ရေးအရ အမြန်အရေးယူဖို့ ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။

အမေရိကန်အစိုးရက အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံနဲ့ ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားအတွက် အကူအညီအားလုံးကို ချက်ချင်းရပ်တန့်မယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

အမေရိကန်က နိုင်ဂျီးရီးယားကို စစ်တပ်စေလွှတ်ခဲ့ရင် ဒီကြောက်စရာကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေတဲ့ အစ္စလာမ္မစ် အကြမ်းဖက်သမားတွေကို လုံးဝဖယ်ရှားဖို့ သေနတ်တွေနဲ့ ပစ်ခတ်မယ်လို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံထဲမှာ ခရစ်ယာန်တွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်တဲ့ အသေးစိတ် အထောက်အထားတွေကို မပေးခဲ့ပါဘူး။

လာဂို့စ်မြို့ရဲ့ လမ်းတွေပေါ်နဲ့ သတင်းစာခေါင်းကြီးပိုင်းတွေမှာတော့ ထရမ့်ပ်ရဲ့ သတိပေးချက်တွေက လွှမ်းမိုးထားပါတယ်။

နိုင်ဂျီးယား စီးပွားရေးသမား ပိုပူးလာအစ္စရေးကတော့ သူ့နိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ ရှိနေတာကို ဝန်ခံပေမဲ့  ဒါက နိုင်ဂျီးရီးယားနိုင်ငံသားအားလုံးကို ထိခိုက်နေတာလို့ ပြောပါတယ်။

“သူတို့က ခရစ်ယာန်တွေကိုပဲ သတ်ဖြတ်နေတာ မဟုတ်ပါဘူး၊ ခရစ်ယာန်မဟုတ်သူတွေကိုလည်း သတ်ဖြတ်နေကြတာပါ။ အကူအညီတွေကို ကြိုဆိုပေမဲ့ ဒီအခြေအနေကနေ ကျနော့်ကို အမှန်တကယ် ကယ်တင်သူက ဘုရားသခင်တပါးတည်းသာ ဖြစ်တယ်။”

အဘူဂျာမြို့က Holy Trinity ကက်သလစ်ဘုရားကျောင်း အပြင်ဘက်မှာတော့ ဒေသခံ အမျိုးသမီး ဂျူးလီးယက်ဆူးက အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ပြင်းပြင်းထန်ထန် ထောက်ခံခဲ့ပါတယ်။

တရားမျှတမှုမရှိဘဲ မြင့်မြတ်တဲ့ အရာတွေကို စော်ကားမှုနဲ့ တိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ခရစ်ယာန်အမျိုးသမီး ဒယ်ဘိုရာရဲ့အမှုကို သူက ကိုးကား ဖော်ပြပါတယ်။

ဆူးက “ခရစ်ယာန်တွေဟာ အခုအချိန်မှာ လှုပ်ရှားသွားလာဖို့ လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ ကြောက်နေကြပါတယ်။ ဒေါ်နယ်ထရမ့်ပ်က သူတို့ဝင်လာချင်တယ်လို့ ပြောရင် သူတို့ဝင်လာသင့်တယ်လို့ ကျမခံစားရပါတယ်၊ အဲဒါမှာ ဘာမှမှားတာ မရှိပါဘူး” လို့ ပြောပါတယ်။

ခရစ်ယာန်၊ အစ္စလာမ်ဘာသာနဲ့ ရိုးရာဘာသာတွေကို ကိုးကွယ်ကြပြီး လူမျိုးစု ၂၀၀ ရှိတဲ့ နိုင်ဂျီးရီးယားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ ရှည်လျားတဲ့သမိုင်းကြောင်းရှိပေမဲ့ အုပ်စုတွေအကြား အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပြီး မကြာခဏဆိုသလို လူမျိုးရေးခွဲခြားမှု ဒါမှမဟုတ် ရှားပါးတဲ့ အရင်းအမြစ်တွေ ရရှိရေးအတွက် ပဋိပက္ခတွေက ပိုဆိုးရွားလာလေ့ ရှိပါတယ်။

အစွန်းရောက် အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ ဘိုကိုဟာရမ်ဟာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းကိုလည်း အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။

ဘိုကိုဟာရမ်ရဲ့ သားကောင်အများစုက မွတ်စလင်တွေလို့ လူ့အခွင့်အရေး ပညာရှင်တွေက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013