
ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ပိတ်ဆွယ်ကျေးရွာ အရှေ့ပိုင်းမှာ ဇူလိုင် ၁၀ ရက် မနက် ၁၀ နာရီခွဲက မော်တော်ယာဉ်တစီးနဲ့ ဘေးတွဲဆိုင်ကယ်တိုက်မိပြီး လင်မယား ၂ ယောက် သေဆုံးကာ ၄ နှစ်အရွယ် ကလေးငယ်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့မနက် ၁၀ နာရီခွဲက ပိတ်ဆွယ်ကျေးရွာ အရှေ့ပိုင်းမှာ မော်တော်ယာဉ်တစီးနဲ့ မိသားစုဝင် ၃ ယောက် စီးနင်းလာတဲ့ ဘေးတွဲဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဘေးတွဲပေါ်က လင်မယား ၂ ယောက် သေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။
"အရှိန်လွန်ပြီး မျက်နှာချင်းဆိုင် တိုက်မိတာ။ ဘေးတွဲပေါ်က လင်မယား ၂ ယောက်က ယာဉ်တိုက်မှု ဖြစ်တဲ့ နေရာမှာတင်သေတယ်။ ၄ နှစ်အရွယ် ကလေးက ဒဏ်ရာရတာ ၅ ချက် ချုပ်ရတယ်။”
သေဆုံးသူ လင်မယားမှာ ဦးပေါက်နဲ့ ဒေါ်ဝါဝါခင်တို့ ဖြစ်ပြီး သားဖြစ်သူ အသက် ၄ နှစ်အရွယ် ကလေးငယ်ကတော့ တွံတေးမြို့နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ တွံတေးမြို့နယ်ရဲစခန်းက စစ်ဆေးနေ ပါတယ်။
မေ ၁ ရက် မွန်းလွဲ ၁ နာရီခွဲကလည်း တွံတေးမြို့နယ်၊ သံဖြူရုံကျေးရွာအနီးမှာ ရပ်ထားတဲ့ ကုန်တင်ကား တစီးကို ဝင်တိုက်မိတာကြောင့် ယာဉ်မောင်းတယောက် သေဆုံးခဲ့ပါသေးတယ်။










