
ရန်ကုန်တိုင်းအတွင်းမှာ လက်ရှိအသုံးပြုနေတဲ့ ဘေးတွဲဆိုင်ကယ် အရေအတွက် ၈၀,၀၀၀ ကျော် ရှိပြီး အဲဒီဘေးတွဲဆိုင်ကယ်တွေဟာ တရားမဝင်တင်သွင်းထားတာဖြစ်လို့ လိုင်စင်ထုတ်ပေးမှာ မဟုတ်ဘူးလို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောပါတယ်။
ဇွန် ၂၂ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့မှာ မရမ်းကုန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက ဘေးတွဲဆိုင်ကယ်တွေနဲ့ ယာဉ်မောင်းတွေကို လိုင်စဉ်ထုတ်ပေးဖို့ ရှိ၊ မရှိ မေးမြန်း နယ်လုံဝန်ကြီးက အခုပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအသုံးပြုနေတဲ့ ဘေးတွဲဆိုင်ကယ်တွေနေရာမှာ တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ သုံးဘီးဆိုင်ကယ်တွေ အစားထိုး တင်သွင်းမောင်းနှင်မယ်ဆိုရင်တော့ က.ည.န ကနေ တရားဝင် လိုင်စင် ထုတ်ပေးသွားမယ်လို့ ဝန်ကြီးက ထည့်ပြောသွားပါတယ်။
ဗိုလ်မှူးကြီး ဝင်းတင့်က “ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်အစီးရေ ၈၂,၃၅၄ စီးအစား တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ သုံးဘီးဆိုင်ကယ်တွေ အစားထိုးတင်သွင်းလာပါက ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေကို ကညနရဲ့ ဥပဒေနဲ့အညီ ခွင့်ပြုထုတ်ပေးသွားပါမယ်”လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ် ၁၁၈,၉၈၈ စီးနဲ့ သုံးဘီးတပ်ယာဉ်၊ သုံးဘီးဆိုင်ကယ် ၇၂၆၀ စီးကို လိုင်စင် ထုတ်ပေးခဲ့ပြီး အဲဒီယာဉ်တွေဟာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းကလွဲရင် တနိုင်ငံလုံး မောင်းနှင်နိုင်တယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းက ထန်းတပင်၊ လှိုင်သာယာ၊ တွံတေး၊ ဒလ၊ သန်လျင်၊ ကျောက်တန်း၊ တောင်ဒဂုံ၊ မွောကျဒဂုံ၊ ဒဂုံအရှေ့၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ တို့လိုမြို့နယ်တွေက အခြေခံပြည်သူတွေဟာ ဘေးတွဲဆိုင်ကယ်တွေကို မှီခိုနေကြရတာဖြစ်ပြီး ဘေးတွဲမောင်းနှင်နေသူတွေ အနေနဲ့လည်း တရားဝင်လိုင်စင်ထုတ်ပေးဖို့ လိုလားနေကြတာပါ။
စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ရန်ကုန်မှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်ရှင်းလင်းရေး စီမံချက်တွေထုတ်ပြီး လိုက်လံဖမ်းဆီးတာတွေ ရှိခဲ့ပေမဲ့ ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲနဲ့ စစ်သားတွေဆီ ငွေပေးပြီး ပြန်ထုတ်ယူလို့ရတဲ့ အခြေအနေလည်း ရှိနေတာ ဖြစ်ပါတယ်။
ရွှေပြည်သာဒေသခံတယောက်က “ပြီးခဲ့တဲ့ နှစ်က တော်တော်လေး ဖမ်းတယ်။ မြို့နယ်ခန်းမထဲမှာဆိုရင် ဆိုင်ကယ်ကော၊ ဘေးတွဲကော အစီးရေ ထောင်ချီတယ်။ ဖမ်းထားတာ။ ဘီးအကောင်းစားတွေဆိုရင် ကျပ်သိန်း ဆယ်ချီပေးပြီး ပြန်ရွေးရတယ်။ တချို့လည်း ဒီကောင်တွေ ပြန်ရောင်းစားပစ်တာပဲ" လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် ဇွန် ၂၂ ရက် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာလည်း မင်းလှမြို့နယ်က ပြည်သူ့လွှတ်တော်အမတ်က နိုင်ငံတဝန်းက လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင် ပြန်လည် ပြုလုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ စစ်အာဏာရှင်ခန့် ပို့ဆောင်ရေးဒုဝန်ကြီး ဦးအောင်မြိုင်က လိုင်စင်လုပ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြန်လည်ဖြေကြားသွားပါတယ်။










