
ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျပ်စတင် ထရူးဒိုးနဲ့ နာမည်ကြီး ပေါ့ပ်အဆိုတော် ကေတီ ပယ်ရီ တို့ဟာ ချစ်သူစုံတွဲအဖြစ် ပါရီမြို့မှာ ပထမဆုံးအကြိမ် ပွဲထွက်လာပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ ကျရောက်တဲ့ ပယ်ရီရဲ့ ၄၁ နှစ်ပြည့် မွေးနေ့ပွဲကို ထရူးဒိုးက လူသိရှင်ကြား တက်ရောက်ခဲ့တာပါ။
အဲဒီနောက် Crazy Horse Paris ကပွဲရုံကနေ ထွက်ခွာလာတဲ့ သူတို့ ၂ ယောက်ကို လက်တွဲရင်း ပြုံးရယ်နေကြတာ တွေ့ရပါတယ်။
အသက် ၅၃ နှစ်အရွယ် နိုင်ငံရေးသမား ထရူးဒိုးဟာ အနက်ရောင်ဝတ်စုံပြည့်နဲ့ ဖြစ်ပြီး ပယ်ရီ ကတော့ အနီရင့်ရောင် ကိုယ်ကျပ်ဂါဝန်ကို ဝတ်ဆင်ထားပါတယ်။
အဲဒီစုံတွဲရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပထမဆုံး သတင်းထွက်ခဲ့တာ နွေရာသီကာလမှာ ဖြစ်ပါတယ်။
ဆယ်စုနှစ်တခုနီးပါး လက်တွဲလာခဲ့တဲ့ The Lord of the Rings ရုပ်ရှင်သရုပ်ဆောင် အော်လန်ဒို ဘလွန်းမ်နဲ့ ပြီးခဲ့တဲ့ဇွန်လမှာ လမ်းခွဲပြတ်စဲပြီးနောက် မကြာခင်မှာပဲ ပယ်ရီဟာ ထရူးဒိုးနဲ့ စတင် ချိန်းတွေ့ခဲ့တာပါ။
ကနေဒါမြို့ မွန်ထရီရယ်မှာ သူတို့ ၂ ယောက်တည်း ချိန်းတွေ့တဲ့သတင်း ထွက်ပေါ်ခဲ့သလို ဆန်တာ ဘာဘရာ ကမ်းခြေအနီးက ရွက်လှေတခုပေါ်မှာ အနမ်းချင်း ဖလှယ်နေတာကိုလည်း ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။
ဒါကြောင့် အတွင်းလူတယောက်က ဒီစုံတွဲရဲ့ အချစ်ဇာတ်လမ်းဟာ တဖြည်းဖြည်းချင်း တည်ဆောက်လာခဲ့တာဖြစ်ပြီး “ဆွဲဆောင်မှုအရဆိုရင် နှစ်ယောက်စလုံး ထက်မြက်တဲ့အပြင် အရေးကြီးကိစ္စရပ်တွေ ဆွေးနွေး ပြောဆိုရတာကိုပါ နှစ်သက်ကြပါတယ်” လို့ မှတ်ချက်ပြုပါတယ်။
၂၀၂၃ ခုနှစ်မှာ ကွာရှင်းခဲ့တဲ့ ထရူးဒိုး ကတော့ ဇနီးသည်ဟောင်း ဆိုဖီ ဂရက်ဂွါ (Sophie Gregoire) နဲ့ သားသမီး ၃ ယောက်ကို ပိုင်ဆိုင်ထားပါတယ်။
တချိန်တည်းမှာ ပယ်ရီဟာ မင်းသား ဘလွန်းမ်နဲ့ ရရှိခဲ့တဲ့ အသက် ၅ နှစ်အရွယ် သမီးလေး ဒေစီ ရဲ့မိခင် ဖြစ်ပါတယ်။
“သူမဟာ ကမ္ဘာအနှံ့ ခရီးသွားနေရတာပါ။ ဂျပ်စတင် ဆိုရင်လည်း အလုပ်များပါတယ်။ သူလည်း ကနေဒါဝန်ကြီးချုပ် မဟုတ်တော့တဲ့အလျောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ စဉ်းစားနေရချိန် ဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားမှာ တူညီတဲ့အချက်တွေ အများကြီးရှိသလို မိသားစုတာဝန်တွေလည်း ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့လည်း တယောက်နဲ့တယောက် စိတ်ဝင်စားနေကြတာတော့ တကယ်သေချာပါတယ်” ဆိုပြီး အတွင်းသိသူတယောက်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။










