
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးဟာ ဝန်ကြီးချုပ်ရာထူး ၉ နှစ်ကြာ ထမ်းဆောင်ပြီးနောက် ရာထူးကနုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။
ဒေသအချိန် ဇန်နဝါရီ ၆ ရက် မနက်က မြို့တော် အော်တဝါမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရူးဒိုးက ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ရာထူးတာဝန်ကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်တာဖြစ်ပြီး သူ့ရဲ့ လစ်ဘရယ်ပါတီက ခေါင်းဆောင်သစ် ရွေးပြီးတဲ့အထိတော့ တာဝန် ဆက်လက်ရှိနေမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ညက လစ်ဘရယ်ပါတီဥက္ကဋ္ဌကို ခေါင်းဆောင်သစ်ရွေးချယ်တဲ့ လုပ်ငန်းစဉ်တွေစတင်ဖို့ ပြောခဲ့တယ်၊ တိုင်းပြည်အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ စစ်မှန်တဲ့ရွေးချယ်မှုတခုနဲ့ ထိုက်တန်တယ်လို့ လည်း ထရူးဒိုးက ပြောပါတယ်။
ပါလီမန်လွှတ်တော် ကိုတော့ လာမယ့် မတ်လ ၂၄ ရက်အထိ ရပ်နားထားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် ထရူးဒိုးဟာ အာဏာရ သူ့ရဲ့ လစ်ဘရယ်ပါတီတွင်းမှာရော ပြင်ပက ဖိအားတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပြီး မကြာသေးခင်ကမှ သူ့ရဲ့လက်ထောက် ဒုဝန်ကြီးချုပ် ခရစ္စတီရာဖရီးလန်း နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။
ထရူးဒိုးနဲ့ သူ့ရဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးလည်း အတိုက်အခံ ကွန်ဆာဗေးတစ် ခေါင်းဆောင် ပီယာရီပွိုင်လီဗီရာနဲ့ နယူးဒီမိုကရက်ပါတီခေါင်းဆောင် ဂျက်မိဆင်းဂ်တို့ရဲ့ အပြင်းအထန် ဝေဖန်မှုတွေလည်းခံနေရတာ ဖြစ်ပါတယ်။
ထရူးဒိုးလက်ထက်မှာ ကနေဒါငွေတန်ဖိုးကျဆင်းနေတာ၊ လူနေမှုစရိတ်တွေမြင့်တက်နေတာ၊ အိမ်ဈေးနှုန်းတွေနဲ့ ငှားရမ်းခတွေကြီးမြင့်တာ၊ သန်းနဲ့ချီတဲ့ ကနေဒါပြည်သူတွေ ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုမရတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
သူ့နေရာမှာ အစားထိုးနိုင်သူတွေအဖြစ် ဒုဝန်ကြီးချုပ်ဟောင်း ခရစ္စတီရာဖရီးလန်း၊ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း မတ်ခ်ကာနေး၊ ပို့ဆောင်ရေးဝန်ကြီး အနီတာအန်နန့်၊ ဘဏ္ဍာရေးဝန်ကြီး ဒေါမနစ် လာဘလန့်တို့က ရေပန်းစားနေပါတယ်။
အောက်တိုဘာလ နှောင်းပိုင်းမှာ ကျင်းပရဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲမှာ လစ်ဘရယ်တွေဟာ အတိုက်အခံ ကွန်ဆာဗေးတစ်တွေကို အပြတ်အသတ် အရေးနိမ့်မယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
လစ်ဘရယ်ပါတီ အရေးမလှဖြစ်နေပြီး လွှတ်တော်ထဲမှာ တတိယနေရာအထိ ရောက်သွားချိန် ၂၀၁၃ မှာ ထရူးဒိုးက ပါတီခေါင်းဆောင်နေရာ တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၁၉ မှာ ရွေးကောက်ပွဲနိုင်၊ ဝန်ကြီးချုပ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ထရူးဒိုးရဲ့ ဖခင်ဟာလည်း ကနေဒါဝန်ကြီးချုပ်တာဝန် ယူခဲ့ဖူးတဲ့ ပီယဲထရူးဒိုး ဖြစ်ပြီး အဘိုးဖြစ်သူဟာလည်း ငါးလုပ်ငန်းဝန်ကြီးတာဝန် ယူဖူးတာကြောင့် နိုင်ငံရေးမျိုးရိုးက ဆင်းသက်လာသူ ဖြစ်ပါတယ်။
Source : Reuters