DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ် အဓွန့်ရှည်နိုင်ဟု KIO ခေါင်းဆောင်ပြော 
DVB
·
October 25, 2025
စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ် အဓွန့်ရှည်နိုင်ဟု KIO ခေါင်းဆောင်ပြော 
Donate to DVB

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လက်ရှိပြည်တွင်းစစ်ကို အဓွန့်ရှည်သွားစေနိုင်တဲ့အတွက် အထူးစိုးရိမ်တယ်လို့ ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  ၆၅ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ KIO/KIA ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောလိုက်ပါတယ်။

“စစ်ပွဲတွေ တိုက်ပွဲတွေ အဆုံးသတ်လှပဖို့က နိုင်ငံရေးညှိနှိုင်းဆွေးနွေးအဖြေရှာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတာတွေ့ရတဲ့အတွက် စိုးရိမ်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့၊ ကန့်ကွက်တဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ပေါ်လာတော့မှာ ဖြစ်တယ်။ ဒီအဖွဲ့ ၂ ဖွဲ့က လွယ်လွယ်နဲ့ ညှိနှိုင်းဖို့ ခက်ခဲသွားတော့မယ်။ ပြည်တွင်းစစ်ကလည်း ပိုပြီးကြာရှည်သွားနိုင်တယ်။”

KIO အနေနဲ့လည်း အခုလိုနိုင်ငံရေးအပြောင်းအလဲအတွင်း တနိုင်ငံလုံးနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းမှု ရရှိဖို့အတွက် မရပ်မနား တွေးတောအဖြေရှာနေကြောင်းလည်း ထည့်သွင်းပြောကြားထားတာပါ။

လက်ရှိ စစ်အုပ်ချုပ်မှုအောက်မှာ နေထိုင်နေတဲ့ ပြည်သူတွေအနေနဲ့ကတော့ ရွေးကောက်ပွဲမှာ မဖြစ်မနေ ပါဝင်တော့ရမှာဖြစ်ပြီး တယောက်ချင်းစီရဲ့ ပါဝင်မှုဟာ တတိုင်းပြည်လုံးမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်သူလူထုတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာကို သတိပြုကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

“လက်ရှိစစ်ကော်မရှင် အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ပြည်သူတွေကတော့ ဒီရွေးကောက်ပွဲကို သဘောကျသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ ဒီရွေးကောက်ပွဲတွေမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို တဦးတယောက်ရဲ့ ပါဝင်မှုက နိုင်ငံထဲ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ဘဝကံကြမ္မာကို ဆုံးဖြတ်ပေးတယ်ဆိုတာကိုလည်း သတိပြုကြပါ။ ကိုယ်ယုံကြည်ရာကို အောင့်မေ့ဆုတောင်းရင်း မှန်ကန်တဲ့လမ်းကို ရပ်တည်နိုင်ဖို့ ကြိုးစားအားထုတ်ကြရအောင်လို့ တိုက်တွန်းချင်ပါတယ်။”

KIO ပါတီဝင်တွေအနေနဲ့လည်း ဘိုးဘေးစဉ်ဆက် ခေတ်အဆက်ဆက် အတူယှဉ်တွဲနေထိုင်လာကြတဲ့ ဌာနေတိုင်းရင်းသားပြည်သူတွေ စည်းလုံးနေထိုင်ကြဖို့၊ အတူယှဉ်တွဲနေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ ဆွေမျိုးတွေဖြစ်ကြောင်း၊ ရန်သူမဟုတ်ကြောင်း ပြောပြကြဖို့နဲ့ ဌာနေတိုင်းရင်းသားတွေ အမည်တပ်ပြီး လက်နက်ပေးကိုင်နေတဲ့လုပ်ရပ်ဟာ အချင်းချင်းကြား သွေးခွဲနေခြင်းသာဖြစ်ကြောင်း ပြောပြကြဖို့၊ ပြည်သူ့အင်အားကို တော်လှန်ရေးအင်အားကြီးအဖြစ် အမြဲဦးဆောင်ကြိုးစားကြဖို့ကိုလည်း ဗိုလ်ချုပ်ကြီးက တိုက်တွန်းနှိုးဆော်ပါတယ်။

အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပဖို့ ပြင်ဆင်နေပြီး ကချင်ပြည်နယ်ထဲမှာ မြစ်ကြီးနား၊ မိုးညှင်း၊ တနိုင်း၊ ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်း စတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကျင်းသွားဖို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

ဒီရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုတော့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ  ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013