DVB Logo
Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရန် မခက်ဟု မလေးရှား ဝန်ကြီးပြော 
DVB
·
October 25, 2025
မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရန် မခက်ဟု မလေးရှား ဝန်ကြီးပြော 
Donate to DVB

စစ်ဘေးသင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မခက်ခဲကြောင်းနဲ့  လက်ရှိ စစ်ကောင်စီအနေနဲ့ ဒါကို လိုက်နာပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဖြန့်ဝေခွင့်ပြုသင့်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။

အခုသီတင်းပတ်ကုန်မှာပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ အာဆီယံ မိတ်ဖက်တွေနဲ့ ကွာလာလမ်ပူမှာ တွေ့ဆုံပြီးနောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

မိုဟာမက်ဟာဆန်က “အချက် ၅ ချက် သဘောတူညီချက်ဟာ အကောင်အထည်ဖော်ဖို့ သိပ်မခက်ခဲပါဘူး။ ကျနော်တို့ လိုချင်တာက ဆွေးနွေးမှုတခု ပြုလုပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိခွင့်ပြုဖို့နဲ့ ပါတီအားလုံးနဲ့ ပြန်လည်ဆွေးနွေးဖို့ပါပဲ” လို့ ပြောပါတယ်။ 

ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ ဒီဇင်ဘာလမှာကျင်းပမယ့် မြန်မာနိုင်ငံက အထွေထွေရွေးကောက်ပွဲကို ရပ်တန့်နိုင်မှာ မဟုတ်ပေမဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေအနေနဲ့ကတော့ ဒီရွေးကောက်ပွဲကို တရားမျှတပြီး အားလုံးပါဝင်စေလိုကြောင်းလည်း ဆိုပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က  “ကျနော်တို့ လိုချင်တာက ရွေးကောက်ပွဲတွေဟာ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေချင်တာပါ။ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အစိတ်အပိုင်းတခုကိုသာ ပါဝင်ခွင့်ပြုပြီး တခြားသူတွေကိုတော့ ချန်လှပ်ထားတဲ့ ရွေးကောက်ပွဲမျိုး ကျနော်တို့ မလိုချင်ပါဘူး။  ဒါကြောင့် အဲဒါကို ကျနော်တို့ ဆွေးနွေးပြီး နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တင်ပြသွားမှာပါ” လို့ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်မှုအဖြစ်ကို ပြောင်းလဲသွားပြီးနောက် လအနည်းငယ်အကြာမှာ အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင်အပါအဝင် အချက် ၅ ချက်ပါ ဘုံ သဘောတူညီချက် ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူညီခဲ့ပေမဲ့ ဒါကို စစ်ကောင်စီက အကောင်အထည်မဖော်ဘဲ လျစ်လျူရှု ထားခဲ့ပါတယ်။ 

ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ စစ်အုပ်စုဟာ ဒီဇင်ဘာလမှစပြီး အပိုင်းလိုက်ကျင်းပရမယ့် ရွေးကောက်ပွဲကို လုပ်ဆောင်နေပေမဲ့ အဓိကအတိုက်အခံပါတီနဲ့ ပါတီဝင်တွေကို သတ်ဖြတ် ဖမ်းဆီး ဖျက်ဆီး ထားပါတယ်။ 

ကျန်ရှိနေသေးတဲ့ ပါတီတွေကလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပိတ်ပင်ခံထားရတာနဲ့ တချို့ကလည်း ပါဝင်ဖို့ ဆန္ဒမရှိကြပါဘူး။

အတုအယောင် လုပ်ပွဲအဖြစ် အများက ပယ်ချထားတဲ့ ဒီရွေးကောက်ပွဲဟာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနိုင်မှာလည်း မဟုတ်ပါဘူး။ 

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013