
ပြီးခဲ့တဲ့ မေလအတွင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ မြန်မာစစ်အာဏာရှင်ကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့အကြောင်း Bernama သတင်းမှာ ဇွန် ၂၅ ရက်က ဖော်ပြပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အဆိုပါ ခရီးစဉ်ဟာ မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းမှုတခုသာ ဖြစ်တယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ မြန်မာစစ်အာဏာရှင်ကို အသိအမှတ်မပြုဘူးဆိုတဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆက်လက်ဆုပ်ကိုင်ထားပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် မလေးရှားနဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို တစုံတရာ ထိခိုက်မှု မရှိစေရဘူးလို့လည်း ပြောလိုက်တာပါ။
ဒါ့အပြင် အခုခရီးစဉ်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ တရားဝင်မဟုတ်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေချင်တဲ့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်လှစ်ထားဖို့ လိုအပ်ကြောင်းနဲ့ တကယ်လို့များ မြန်မာနိုင်ငံကို ဆက်လက် အထီးကျန်ထားမယ်ဆိုရင် လစ်ဟာမှုတွေ ဖြစ်ပေါ်လာပြီး အဲဒီနေရာမှာ ကိုယ်ကျိုးစီးပွားရှာမဲ့ အဖွဲ့အစည်းတွေ ဝင်ရောက်လာနိုင်တာကြောင့် ဒါဟာ အာဆီယံတခုလုံးအတွက် ထိခိုက်နစ်နာစရာ ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဆက်လက်ကြိုးပမ်းတဲ့အနေနဲ့ လာမဲ့ ဇူလိုင်လဆန်း၊ ဒါမှမဟုတ် လလယ်ပိုင်းမှာ မြန်မာ့အရေး ပါဝင်ပတ်သက်သူတွေနဲ့ မလေးရှားနိုင်ငံက နောက်ထပ်တကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်နဲ့ အဖွဲ့ဟာ မေ ၁၉ ရက်က နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်အာဏာရှင်ခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့တာပါ။
ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့ ဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင် အာဘော်သတင်းတွေမှာ ဖော်ပြပါတယ်။










