DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် ပိုမိုပြင်းထန်စွာအရေးယူရန် မလေးရှားဝန်ကြီးနှင့် နိုင်ငံတကာလွှတ်တော်အမတ်များ တောင်းဆို
DVB
·
September 20, 2022
မြန်မာအပေါ်  ပိုမိုပြင်းထန်စွာအရေးယူရန် မလေးရှားဝန်ကြီးနှင့် နိုင်ငံတကာလွှတ်တော်အမတ်များ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ပိုမိုပြင်းထန်ပြီး ထိရောက်မယ့် အရေးယူမှုတွေ ဆောင်ရွက်ကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာအပါအဝင် ဥရောပ၊ အာရှနိုင်ငံတွေက လွှတ်တော်အမတ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဟာ နယူးယောက်ခ်မြို့က ကုလသမဂ္ဂဆိုင်ရာမလေးရှားအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ စက်တင်ဘာ ၁၉ ရက်က မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးပွဲကျင်းပရာမှာ ပြောဆိုခဲ့တာပါ။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုင်ဖူဒင်က “NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) အပါအဝင် မြန်မာနိုင်ငံက အဖွဲ့အစည်းတွေအားလုံးပါဝင်ပြီး မျှတတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေရှိသင့်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအပါအဝင် သေချာတိကျတဲ့ အဆုံးသတ်တစ်ခုကို စည်းကမ်းမူဝါဒတွေချမှတ်ထားဖို့လိုတယ်” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံသားတို့ရဲ့ ဒီမိုကရေစီမျှော်လင့်ချက်ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်တဲ့ NUG အဖွဲ့ဝင်တွေနဲ့ လူသိထင်ရှား သွားရောက်တွေ့ဆုံထားတဲ့ တစ်ဦးတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့နဲ့ အတူ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ကြပါတယ်။

ဒါအပြင် နိုင်ငံတကာတုံ့ပြန်မှုများဆိုင်ရာ နိုင်ငံတကာလွှတ်တော်များ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဉရောပပါလီမန်ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဟေဒီဟွာတာလာ၊ မလေးရှားလွှတ်တော်အမတ်လည်းဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ချားလ်စ်ဆန်တီယေဂို၊ အင်ဒိုနီးရှားလွှတ်တော်အမတ် မာစီခရစ္စတီဘာရန်းနဲ့ ဖိလစ်ပိုင်လွှတ်တော်အမတ်ဟောင်း တွမ်ဗေလာရင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ချားလ်စ်ဆန်တီယေဂိုက “အာဏာသိမ်းပြီး ၁၉ လ ကြာလာတဲ့အချိန်မှာ စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာမိတ်ဖက်တွေကလည်း မင်းအောင်လှိုင်ကို ဆက်လက်ထောာက်ပံ့ကူညီနေဆဲဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေး ထောက်ပံ့မယ့် နိုင်ငံတွေကတော့ မြန်မာနိုင်ငံသားတွေကို ထိထိရောက်ရောက် ကူညီနိုင်ခြင်း မရှိသေးပါဘူး။ ရုရှားနဲ့ တရုတ်တို့က အာဏာသိမ်းစစ်တပ်ကို တက်တက်ကြွကြွ ကူညီနေကြသလို အာဏာသိမ်းစစ်တပ်ကအရမ်းလိုချင်နေတဲ့ အသိအမှတ်ပြုမှုကိုလည်း ပေးထားကြပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး ထောက်ပံ့ကူညီမယ်ဆိုတဲ့ နိုင်ငံတွေအတွက်တော့ ထိထိရောက်ရောက်ကူညီနိုင်ဖို့ ဒီအချိန်ဟာ အချိန်ကောင်းပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မဆုံးဖြတ်နိုင်သေးတဲ့အချိန်မှာ အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေ အကြီးအကျယ်ဖြစ်စေခဲ့တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အရေးယူ ဆောင်ရွက်မှုတွေဟာလည်း အပြောင်းအလဲအတွက် သက်ရောက်မှုတစ်ခုတော့ ရှိနေတာပါပဲ။ မြန်မာ့နိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပိုမိုပေးပို့နိုင်ဖို့၊ စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့ပြီး နိုင်ငံရေးမှာ ပစ်ပယ်ထားဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက ပိုမိုပူးပေါင်းကာ ပိုပြီးဖိအားပေးဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ကျောင်းသားကလေးငယ်တွေကို  တိုက်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ စစ်ရာဇတ်မှုတွေကို အမြန်ဆုံးအရေးယူဖို့  NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း တိုက်တွန်းပြောသွားပါတယ်။ 

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အမှန်တကယ် တရားဝင်အစိုးရဖြစ်တဲ့ (NUG) ကိုလည်း ပိုပြီးတော့အသိအမှတ်ပြုကာ ရန်ပုံငွေရှာဖွေရေး၊ အရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံရေးအရအသိအမှတ်ပြုခြင်းတွေနဲ့ ထောက်ပံ့ကူညီကြဖို့ ထပ်မံတိုက်တွန်းတယ်လို့  ဟေဒီဟွာတာလာက အဲဒီဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းက ပြဿနာတွေအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်ကူညီမှုတွေကို စိစစ်အကဲဖြတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားရေးကို ထောက်ပံ့ကူညီလိုတဲ့ နိုင်ငံတကာအဖွဲ့တွေကို လမ်းညွှန်အကြံပြုချက်တွေ ပေးနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာလွှတ်တော်များ စုံစမ်းစစ်ဆေးရေးကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီကော်မတီကို အာရှ၊ ဥရောပ၊ အာဖရိကနဲ့ အမေရိကတိုက်တွေမှာရှိတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံက လွှတ်တော်အမတ် ၈ ဦးနဲ့ ပြီးခဲ့တဲ့ဇွန်လမှာ  ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013