
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်နဲ့ မန္တလေးတိုင်း သာစည်၊ ဝမ်းတွင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ၁၀ ကြောင်းနဲ့ စစ်ကြောင်းထိုးကာ ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးသွားပြီးနောက် ၃ ယောက် ပျောက်ဆုံးနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါ တယ်။
စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ဩဂုတ် ၁၅ ရက်ကစပြီး အဲဒီ ၃ မြို့နယ်ကို လှည့်ပတ်စစ်ကြောင်းထိုးနေတာဖြစ်ပြီး အခုအချိန်ထိ ရွာတွေထဲမှာ တပ်စွဲနေတဲ့အပြင် တောနင်းစစ်ကြောင်းထိုးတာ၊ ရွာတွေကို မီးရှို့တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ရွာငံက ကျောက်တောကျေးရွာဆိုရင် ၃ ကြိမ် မီးရှို့ခံရတယ်။ နေအိမ် ၆၂ လုံး ဆုံးရှုံးသွားတယ်။ ဒေသခံတွေလည်း ထွက်ပြေးရတယ်။ ဖမ်းဆီး ခံရတဲ့ဒေသခံတွေကို မိထ္ထိလာကို ပို့လိုက်ကြတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ကျောက်တောကျေးရွာကို ဩဂုတ် ၂၁ ရက်တွင် တကြိမ်၊ စက်တင် ဘာ ၂၅ ရက်တွင် တကြိမ်နဲ့ အောက်တိုဘာ ၁၀ ရက်မှာ တကြိမ် မီးရှို့တဲ့အပြင် ရွာအတွင်းကို ၁၀ ကြိမ်မက ဝင်ထွက်သွားလာတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ကျောက်တောရွာထဲဝင်လို့ ထွက်ပြေးရတဲ့ ဒေသခံတွေဟာ ရွာထဲမှာ အခြေခံစားသောက်ကုန်တွေပြန်ယူချိန် ကိုမောင်ဝင်း၊ ကိုဇော်မင်းထွန်း၊ ဦးသန်းလှိုင်၊ ဒေါ်ခင်ချိုမြင့်နဲ့ ကိုကျော်မင်းသူတို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီရဲဘော်က “အရပ်သားတွေကို ဖမ်းထားတယ်။ ၃ ယောက်ကတော့ မေးချင်မေးပြီး သတ်ပစ်တာလို့ ယူဆရတယ်။ ကိုမောင်ဝင်း၊ ကျော်မင်းသူ၊ ကိုဇော်မင်းထွန်းကိုပါ။ မိထ္ထိလာကို ပို့လိုက်တာ ၇ ဦးပဲသိရတယ်။ အလောင်းတလောင်းတော့ တွေ့တယ်။ ဘယ်သူဆိုတာကို မသိရသေးပါဘူး” လို့ ပြောပါတယ်။
ရွာငံ၊ သာစည်နဲ့ ဝမ်းတွင်းမြို့တွေက ရွာတွေကို စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ တပ်မ ၅၅ လက်အောက်ခံတပ်တွေ စစ်ကြောင်းထိုးနေတာဖြစ်ပြီး သာစည်မြို့နယ် ညောင်ပင်သာရွာက ဦးမောင်မြင့်၊ ဒေါ်တင်မိုးလှိုင်နဲ့ အသက် ၉ နှစ်သမီး အိပုံ၊ ဖိုးသာနိုင်းရွာက ငပွေးနဲ့ ထွန်းကြည် တို့ကိုလည်း ဖမ်းဆီးသွားပါတယ်။
ရွာငံမြို့နယ် ဒေသခံတယောက်က “၃ ယောက်ကတော့ ပျောက်နေတယ်။ တလောင်းကတော့ တွေ့ထားတယ်။ ဘယ်သူလို့ကို မသိရဘူး။ တိုက်ပွဲငယ်တွေကတော့ ဆက်ဖြစ်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က ကျောက်ချောကုန်းရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ စက်လှေ ၃ စီးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ကာ ဒီနေ့အထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်ချော၊ ကမ္ဘာနီ၊ ကျောက်တော၊ မင်းပလောင်၊ ညောင်ပင်သာ စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရ ပါတယ်။
ဒါ့အပြင် စစ်တပ်က သာစည်မြို့နယ်ထဲက ကူပြင်၊ ကျောက်အိုး၊ သက္ကယ် ထိပ်၊ မျက်နီကျင်း၊ ဖိုးသာနိုင်း၊ သန်းတော၊ အလယ်ကန်၊ လေသာကုန်း၊ မြင်းခြံ စတဲ့ရွာတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
ဝမ်းတွင်းမြို့နယ်ထဲက စွန်ချောင်၊ ဗဟိုစိုက်ကွင်း၊ စည်တီးစိုက်ကွင်းရွာ၊ မြစ်သားမြို့နယ်ထဲက ကြည်တိုင်၊ ကန်ဆည်ရွာတွေနဲ့ ရွာငံမြို့နယ်ထဲက ရနဲ၊ ကျောက်တော၊ ကျောက် ချော၊ ညောင်ပင်သာ၊ မင်းပလောင်ရွာတွေမှာလည်း တပ်စွဲထား ပါတယ်။










