
ဖွေ့ထိုင်းပါတီ ပုံရိပ်ပြောင်းလဲရေး အဆင်ပြေချောမွေ့စေဖို့အတွက် ဝန်ကြီးချုပ်ဟောင်း ဖဲထောင်ထန်း ရှင်နာဝပ် ဟာ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာလိုက်ပါတယ်။
ပြည်သူ့အကျိုးအတွက် ပြောင်းလဲရဲတဲ့ အမြင်သစ်နဲ့အတူ ပါတီကို ပုံရိပ်ပြောင်းလဲပြီး ပြန်လည်တည်ဆောက်နိုင်ဖို့ နုတ်ထွက်ပေးခဲ့တာလို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး၊ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရဲ့ တူမ၊ ကိုယ်တိုင်လည်း ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဖဲထောင်ထန်းက ပြောပါတယ်။
ပါတီဝင်အဖြစ်တော့ ဆက်ရှိနေမှာဖြစ်သလို ဖွေ့ထိုင်းမိသားစု အကြီးအကဲအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ပါတီအတွက် ခေတ်သစ်ကို အတူတကွ တည်ဆောက်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
ဖဲထောင်ထန်းကို ဖွဲ့စည်းပုံခုံရုံးက ဝန်ကြီးချုပ်နေရာကနေ ဖယ်ရှားခဲ့ပြီးတဲ့နောက်မှာ ပါတီကိုပါ ဖျက်ဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။
ဒီအချိန်မှာ ပါတီခေါင်းဆောင်နေရာကနေ နုတ်ထွက်လိုက်တာဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ဝန်းကျင်မှာ ကျင်းပဖွယ်ရှိနေတဲ့ ရွေးကောက်ပွဲအတွက်ပါတီကို ပြန်လည်ပြင်ဆင်တာလည်း ဖြစ်ပါတယ်။
ပါတီအတွင်းရေးမှူးချုပ်ဟောင်း ဆိုရာဝေါင် သီယန်သောင်ကတော့ ဖဲထောင်ထန်းဟာ ဖွေ့ထိုင်းမိသားစု အကြီးအကဲအဖြစ် ဆက်ရှိနေမှာဖြစ်တဲ့အတွက် ပါတီရဲ့ မဏ္ဍိုင်တခုအဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။
ဖဲထောင်ထန်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ အကြား ဖုန်းဆက်သွယ်ပြောဆိုမှု အသံဖိုင်ပေါက်ကြားခဲ့အပြီးမှာ ပါတီအပေါ် လူကြိုက်များမှု ထိုးကျသွားခဲ့ပါတယ်။
Source: Reuters











