DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာလုပ်သား ၄၀၀ ခန့်  ပွဲစား အလိမ်ခံရ  
DVB
·
October 21, 2025
ထိုင်းရောက် မြန်မာလုပ်သား ၄၀၀ ခန့်  ပွဲစား အလိမ်ခံရ  
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်းပူရီခရိုင်ရှိ မုန့်လုပ်ငန်းစက်ရုံတရုံမှာ အလုပ်လုပ်ရဖို့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၄၀၀ လောက်က ပွဲစားကို အလုပ်သွင်းပေးခ တယောက် ဘတ် ၁၀,၀၀၀ ကျော်စီ ပေးထားရပေမဲ့  ၃ လ ကြာသည့်တိုင် အလုပ်မရသေးဘူးလို့  AAC အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ထံမှ သိရ ပါတယ်။ 

ပွဲစားက  စက်ရုံမှာ အလုပ်သွင်းပေးဖို့အတွက်   အရင်အလုပ်ထွက်စာရှိသောသူကို  တဦးလျှင် ဘတ် ၁၃, ၀၀၀  နှုန်း ၊  ထွက်စာမပါတဲ့  MOU လုပ်သားတွေကို တဦးလျှင် ဘတ်  ၂၀, ၅၀၀ နှုန်း ကောက်ခံထားတယ်၊ ၃ လ ကြာတဲ့ထိ အလုပ်မရတော့ အချို့အလုပ်သမားတွေက သူတို့ အဖွဲ့ထံ လာရောက် တိုင်ကြားလို့ အောက်တိုဘာ ၁၈ ရက်က အလုပ်သမားရုံးနဲ့ ညှိနှိုင်းဆောင်ရွက် ပေးခဲ့တယ်လို့  AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။ 

“ကျနော်တို့ အလုပ်သမားရုံးကို သွားတိုင်တော့ တာဝန်ရှိသူတွေက စက်ရုံပိုင်ရှင်နဲ့ ဆက်သွယ်မေးမြန်းတယ်။ စက်ရုံကတော့ အလုပ်သမား ၄၀၀ လိုတယ်လို့ မပြောပါဘူး။ တလောက ကမ္ဘောဒီးယားလုပ်သားတွေ အလုပ်ထွက်သွားတော့ သူတို့ကိုအစားထိုးဖို့ လူရှာပေးပါလို့ပဲ ပွဲစားကို ပြောတာပါ။ တကယ်တမ်းလိုအပ်တာ ၁၀၀ လောက်ပဲ၊ အခုမလိုအပ်တော့ဘူးလို့ပြောတယ်။ ဒါကြောင့် တာဝန်ရှိသူတွေက မြန်မာပွဲစားတွေကို ဥပဒေအရဖြေရှင်းဖို့ အတည်ပြုလိုက်တယ်။   အဲဒီ နေ့က ပွဲစားက အလုပ်သမား ၄၂ ယောက်အတွက် ဘတ်ငွေ ၄၀၀, ၀၀၀ ပြန်ပေးခဲ့ပါတယ်။”

စက်ရုံမှာ အလုပ်ဝင်ဖို့ ငွေသွင်းထားတဲ့အလုပ်သမား ၄၀၀ လောက်ရှိတယ်လို့  အလုပ်သမားတွေက ပြောပြီး  AAC အဖွဲ့အစည်းထံ လာရောက်တိုင်ကြားထားသူတွေကတော့  အယောက် ၅၀ လောက်ပဲရှိကာ တချို့က မစောင့်နိုင်လို့ တခြားမှာ အလုပ်သွားလုပ်တယ်လို့ ဆိုပါတယ်။ 

ပွဲစားတွေအနေနဲ့  စက်ရုံအလုပ်ရုံက အလုပ်ခန့်/မခန့်  မသေချာဘဲ အလုပ်သမားတွေကို မျှော်လင့် ချက်မပေးသင့်ဘူး၊ သူတို့တွေဟာ အလုပ်ဝင်ကြေးသွင်းထားရတဲ့အပြင် အခန်းငှားခ ရေဖိုးမီးဖို့ စားသောက်စရိတ်တွေ အကုန်ခံပြီး တိုက်ခန်းကျဉ်းထဲမှာ  အနေဆင်းရဲစွာ စောင့်ဆိုင်းနေရတယ်၊ အလုပ်ဝင်ကြေးအတွက် စက်ရုံမှာ ကုန်ကျစရာမလိုဘဲ ပွဲစားကသာ သောင်းဂဏန်းထိ ယူကြ တယ်လို့ ဆိုပါတယ်။

အလုပ်ဝင်ကြေးပေးပြီး အလုပ်မရတဲ့အလုပ်သမားတွေအနေနဲ့  သက်ဆိုင်ရာအလုပ်သမားရုံး ဒါ မှမဟုတ် AAC အဖွဲ့အစည်းထံ ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013