
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဒေါ်စန္ဒာမင်းဟာ လာမယ့် ဒီဇင်ဘာလ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ လသာမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်ခွင့်ရသွားပြီလို့ သိရပါတယ်။
NLD ပါတီဝင်ဟောင်းလည်းဖြစ် မကြာခင်က ဖျက်သိမ်းခံလိုက်ရတဲ့ NDF ပါတီရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်စန္ဒာမင်းဟာ လသာမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပါတီတွေနဲ့ တသီးပုဂ္ဂလ အမတ်လောင်း ၅,၀၀၀ ကျော် အမည်စာရင်း တင်သွင်းထားတာဖြစ်ပြီး အရွေးခံရတဲ့ အမတ်လောင်းတွေရဲ့ အမည်စာရင်းကို အောက်တိုဘာ ၁၉ ရက်မှာ UEC က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
လသာမြို့နယ်က ဝင်ပြိုင်ရခြင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှာ ပါလာတဲ့အပေါ် ဒေါ်စန္ဒာမင်းထံ DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ UEC က အင်တာဗျူးဖြေခွင့် မပေးသေးဘူးလို့ ဆိုပါတယ်။
“ဟုတ်ပါတယ်၊ ကျမတို့ကို အခုမေးလို့မရသေးဘူး။ သူတို့က ၂၈ ရက်နေ့မှ အင်တာဗျူးတွေ လုပ်လို့ရမယ်လို့ ပြောထားတယ်။ အဲဒါကြောင့် ကျမတို့ကို ၂၈ ရက်မှ မေးပေးပါ။”
ဒေါ်စန္ဒာမင်းဟာ မူလက NDF ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ပါတီဝင်အင်အား မပြည့်မီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ UEC က NDF ပါတီကို ဖျက်သိမ်းပစ်ခဲ့တာပါ။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ အဆက်အဆံရှိခဲ့လို့ NLD ပါတီက ထုတ်ပယ်ခံခဲ့ရပြီးနောက် ရွေးကောက်ပွဲကျင်းပခါနီးမှာ NDF ပါတီထဲဝင်ပြီး ဒုဥက္ကဋ္ဌတာဝန် ယူခဲ့ပေမဲ့ အရည်အချင်းမပြည့်မီတာကြောင့် ပါတီဖျက်သိမ်းခံရတဲ့အတွက် တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။











