
တပတ်မှာ တရက် ပြေးဆွဲနေတဲ့ ရန်ကုန်-ပုဂံ ရထားကို အောက်တိုဘာ ၂၄ ရက်ကစပြီး ပျဉ်းမနားဘက်ကနေ လမ်းကြောင်းပြောင်း ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထား၊ အောက်မြန်မာပြည်ရုံးဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရန်ကုန်-ပုဂံ ရထားလမ်းပေါ် တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးဘူတာနားက ရထားဖြတ်ကူးတဲ့ တံတားအမှတ် ၃၄၃ ရဲ့ အလယ်ခေါင် ကွန်ကရစ်တိုင် နိမ့်ကျသွားတာကြောင့် စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ပြေးဆွဲတာကိုရပ်ဆိုင်းထားခဲ့ပါတယ်။
တံတားပြင်ဆင်နေချိန်အတွင်း ရထားလမ်းကြောင်းကို မူလ ပြည်မြို့ဘက်လမ်းကြောင်းဖြစ်တဲ့ လက်ပံတန်း-တောင်တွင်းကြီး-မြို့သစ် လမ်းကြောင်းကနေ ပဲခူး-ညောင်လေးပင်- တောင်ငူ-ပျဉ်းမနား-လယ်ဝေး တို့ကို ဖြတ်သန်းကာ ပျဉ်းမနား-တောင်တွင်းကြီးလမ်းကနေ ပုဂံအထိ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
မြန်မာ့မီးရထား၊ အောက်မြန်မာပြည်ရုံးတာဝန်ရှိသူတယောက်က “ဒါကလည်း တံတားပြင်ဆင်နေချိန် ကာလအတွင်း လမ်းကြောင်းယာယီပြောင်းထားတာပေါ့။ အချိန်ကတော့ ၃ လ လောက်တော့ မှန်းထားတယ်။ ပြန်စစ်ဆေးတာတွေလည်း လုပ်ရမှာပေါ့။ အချိန်ကလည်း သိပ်မကွာဘူး။ ကြာချိန်တောင် နည်းနည်းလျော့သွားဦးမယ်” လို့ ပြောပါတယ်။
ယာယီပြေးဆွဲမယ့်လမ်းကြောင်းဟာ ရန်ကုန်ဘူတာကြီးကနေ ည ၁၂ နာရီ ၁၅ မိနစ်မှာ ထွက်ခွာပြီး ပုဂံဘူတာကို မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်လို့ ခရီးကြာမြင့်ချိန် ၆ နာရီခွဲရှိတယ်လို့ ဆိုပါတယ်။
ပြေးဆွဲမယ့်ရက်ကတော့ အရင်အတိုင်း တပတ်မှာ တကြိမ်ပဲ ဖြစ်ပြီး အမှတ် ၆၁ အဆန် ရန်ကုန်ကနေ သောကြာနေ့ညထွက်ပြီး ၆၂ အစုန် ပုဂံကနေ တနင်္ဂနွေနေ့မှာ ပြန်ထွက်ခွာမယ်လို့ သိရပါတယ်။
လက်မှတ်ခတွေကတော့ ခရီးစဉ် အစအဆုံး ရိုးရိုးတန်း ၁၆,၀၀၀ ကျပ်၊ အထက်တန်း ၂၆,၀၀၀ ကျပ်၊ အိပ်စင် တယောက်ကို ၃၄,၀၀၀ ကျပ် ဖြစ်ပါတယ်။










