
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ ဩဂုတ် ၂၅ ရက် မနက်ပိုင်းက တိုးမြစ် ရေကာတာ ကျိုးပဲ့ကျခဲ့တာကြောင့် အရေးပေါ်အခြေအနေ ရောက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ညောင်တုန်းမြို့နယ် ချောင်းကြီးတိုက်နယ်အတွင်းက ဂန်ချောင်းကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ အနီးရှိ ရေကာတာမှာ အရှည် ပေ ၁၀၀ ဝန်းကျင်လောက် မြေပြိုကာ တာပဲ့ကျခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံလူမှုကူညီရေးအသင်း တာဝန်ခံတယောက်က “အခုလောလောဆယ်တော့ ဒေသခံတွေနဲ့ အနီးအနားက မီးသတ်တွေ ပေါင်းပြီး တာကို ပြင်ဖို့ ကြိုးစားနေကြတယ်။ ရေအရမ်းများရင်တော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ ရွာတွေနဲ့ ကပ်နေတာ၊ ဆားမလောက်ဘက်အခြမ်းပေါ့” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ဂန်ချောင်းကျေးရွာအုပ်စုအနီးက တိုးမြစ်တာဟာ ရေတိုက်စားမှုကြောင့် နှစ်စဉ် ပြိုကျလေ့ရှိပြီး မကြာခဏ ပြန်လည်ပြုပြင်နေရတဲ့ အခြေအနေ ရှိတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
လက်ရှိမှာ ရေကာတာ ကျိုးပဲ့ကျတဲ့ နေရာကို ဝါးလုံးတွေနဲ့ တုတ်ရိုက်ကာ မြေပြိုမှုကို ဟန့်တားနိုင်ဖို့ ကြိုးစားနေကြပြီး တာဟာ ကျေးရွာတွေနဲ့ နီးကပ်စွာ ရှိနေတာကြောင့် ရေတွေ အလုံးအရင်းနဲ့ ဝင်လာမှာကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











