DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ပန်းရောင်ကတ်လုပ်ရန် လာစောင့်နေသည့် မြန်မာလုပ်သား ၁၃၀ ကျော် အဖမ်းခံရ
DVB
·
October 17, 2025
ထိုင်းတွင် ပန်းရောင်ကတ်လုပ်ရန် လာစောင့်နေသည့် မြန်မာလုပ်သား ၁၃၀ ကျော် အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ စမွတ်စခွန်းခရိုင်၊ စမွတ်စခွန်းမြို့၊ ခုတ်ခန်ရပ်ကွက်ထဲမှာ အောက်တိုဘာ ၁၆ ရက် မနေ့ ညနေပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၁ ယောက် အဖမ်းခံခဲ့ရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေထံက သိရပါတယ်။

မြန်မာလုပ်သမားတွေဟာ မကြာသေးခင်ကမှ ထိုင်းနိုင်ငံထဲကို ပွဲစားအဆက်အသွယ်နဲ့ ဝင်ရောက်လာကြပြီး ပန်းရောင်ကတ်လုပ်ဖို့နဲ့ လုပ်ငန်းခွင်ဝင်ရဖို့ စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူတွေက သတင်းအရ လာရောက်ဖမ်းဆီးတာကို ခံလိုက်ရတာလို့  ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MHAC အဖွဲ့ တာဝန်ခံ ကိုရဲမင်းက DVB ကို ပြောပါတယ်။

“သူတို့က မြန်မာပြည် အနယ်နယ်အရပ်ရပ် ဒေသစုံကနေ ပွဲစားအဆက်အသွယ်နဲ့ လာကြတာပါ။ ပွဲစားက အဲဒီအိမ်မှာ လာထားထားပြီး အလုပ်ရှာပေးမယ်၊ ဘတ်လုပ်ပေးမယ်ဆိုပြီး စောင့်ခိုင်းထားတာ။ စောင့်နေရင်းက အခုလို အစုလိုက် အပြုံလိုက် အဖမ်းခံရတာ။ စုစုပေါင်း  ၁၃၁ ယောက် ရှိတယ်။ အမျိုးသမီးတွေလည်း အများကြီးပါတယ်။”

သူတို့တွေဟာ ထိုင်းမှာ အလုပ်လာလုပ်ရဖို့ ပွဲစားကို တယောက် ကျပ်သိန်း  ၇၀ - ၈၀ ပေးခဲ့ရတယ်၊ တချို့က ထိုင်းဘတ် ၄၀,၀၀၀ ထိ ပေးရတယ်၊ အဲဒီကုန်ကျစရိတ်အတွက် ရှိတာ ရောင်းချ၊ တချို့က အိမ်နဲ့ လယ်ယာတွေ ပေါင်နှံထားရတယ်၊ တချို့က ငွေတိုးနဲ့ ချေးငှားလာကြတယ်။ ဒီရောက်တော့ ဘယ်မှာအလုပ်ရမယ်မှန်း မသိခင် အဖမ်းခံရတာလို့ ဆိုပါတယ်။

သူတို့တွေ အဲဒီနေရာမှာ ရှိတယ်ဆိုတာကို နေရပ်လိပ်စာအတိအကျနဲ့ သတင်းပေးတိုင်ကြားသူ ရှိတာကြောင့် သွားရောက်ဖမ်းဆီးရတာလို့ ကိုရဲမင်းနဲ့ သိကျွမ်းသူ ထိုင်းအရာရှိတ‌ယောက်က ပြောတယ်လို့ ဆိုပါတယ်။

တိုင်ကြားသူမှာလည်း မြန်မာဖြစ်ပြီး ပွဲစားအချင်းချင်းကြား မနာလိုမှုတွေကြောင့် ဖြစ်တယ်၊ ခံရတာတော့ အလုပ်သမားတွေဖြစ်တယ်၊ စမွတ်စခွန်း အကျဉ်းထောင်မှာ လူတွေပြည့်နေလို့ သူတို့ကို စစ်တပ်ထဲမှာခွဲပြီး ချုပ်နှောင်ထားတယ်၊ အမှုစစ်ပြီးရင် အားလုံးပဲ နေရပ်ပြန်ပို့ခံရမယ်၊ စစ်ကောင်စီရဲ့  စစ်သားစုဆောင်းရေးလက်ထဲ ရောက်မသွားအောင် NUG အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပေးဖို့ အဆိုပြုထားတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ အောက်တိုဘာ ၁၅ ရက်ကစပြီး အလုပ်သမားကတ်လုပ်ဖို့ အမည်စာရင်း တင်နိုင်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားပေမဲ့လည်း  နယ်စပ်က ထိရှလွယ်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် အဆိုပါ အစီအစဉ်ကို ရက်ရွှေ့ဆိုင်းထားပြီး ပြန်ဖွင့်မယ့်ရက်ကို နောက်ထပ် ကြေညာပေးမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၆ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013