DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း ၂၈ မြို့နယ်လုံး ရွေးကောက်ပွဲလုပ်မည့်အစီအစဉ် ဖြစ်နိုင်ခြေမရှိဟု တော်လှန်ရေးအဖွဲ့များ ပြော 
DVB
·
October 16, 2025
မန္တလေးတိုင်း ၂၈ မြို့နယ်လုံး ရွေးကောက်ပွဲလုပ်မည့်အစီအစဉ် ဖြစ်နိုင်ခြေမရှိဟု တော်လှန်ရေးအဖွဲ့များ ပြော 
Donate to DVB

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်လုံးကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေအဖြစ် စစ်တပ်ဩဇာခံ ရွေးကောက် ပွဲကော်မရှင်က ကြေညာပြီး ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာဟာ  လက်တွေ့မြေပြင် အခြေအနေအရ ဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့  ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မန္တလေးတိုင်းမှာ ခရိုင် ၁၁ ခုရှိတဲ့အထဲက ခရိုင် ၈ ခုမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မြို့ပေါ်နဲ့နီးတဲ့ ခရိုင်တချို့မှာပဲ စစ်ကောင်စီက အပြည့်အဝလွှမ်းမိုးနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။

မြေပြင်အခြေအနေတွေအရ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ ဖြစ်နိုင်ခြေလုံးဝမရှိဘဲ သူတို့ ထိန်းချုပ်ထားတဲ့ မြို့ပေါ်နေရာတွေလောက်မှာပဲ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မြင်းခြံခရိုင်တပ်ရင်း-၇ မှ ဗိုလ်ဇီးရိုးက  “ရန်သူကတော့ ရန်သူ့အလုပ် ရန်သူလုပ်နေမှာ။ ဥပမာရွေးကောက်ပွဲလိုဟာမျိုး သူတို့လုပ်မှာ၊ ဖြစ်အောင်လုပ်မှာ။ ရွေးကောက်ပွဲ ဘာညာဆိုတာမျိုးကို ကျနော်တို့ ခေါင်းထဲမှာ အရမ်းကြီးမထည့်ဘဲနဲ့ သူတို့ လုပ်ချင်တာလုပ်ပလေ့စေ၊ ကျနော်တို့ကလည်း ကျနော်တို့ လုပ်ရမယ့်အလုပ်ကို စနစ်တကျ ပိပိရိရိ သိုသိုသိပ်သိပ် စီမံပြီးတော့ လုပ်ရမယ့် အချိန်မျိုးလို့လည်း ကျနော် ယူဆတယ်။ တိုက်ယူမှရမယ့် တော်လှန်ရေး၊ တိုက်ဖို့အတွက်ကို ဘယ်လို စုစည်းမယ်၊ ဘယ်လို ကျနော်တို့ စည်းရုံးမယ်ဆိုတဲ့ ပုံစံမျိုးလေးတွေပဲ အားထည့်ပြီးတော့ သွားသင့်တဲ့အချိန်လို့ ကျနော်ကတော့ ပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃၀ လုံးကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွေအဖြစ် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကောင်စီ၊ ၈ မြို့နယ်မှာတောင် မဲစာရင်းတွေ သောင်းနဲ့ချီပြီး အကြီးအကျယ်မှားယွင်းနေတဲ့အတွက် စစ်ကောင်စီက အမှန်တကယ် မထိန်းချုပ်နိုင်တော့တဲ့ နယ်မြေတွေမှာဆိုရင် မဲစာရင်းတွေဟာ မှန်ကန်စရာလုံးဝမရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။

မန္တလေးတိုင်း မြို့နယ်တချို့မှာတော့ မဲစာရင်းကြည့်ကြဖို့ ဒေသခံပြည်သူတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက ဖိအားပေးတာတွေ ရှိနေပါတယ်။ 

မတ္တရာ-PDF အဖွဲ့မှ  ဦးတိုးက “မင်းအောင်လှိုင်ရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေဟာ တခုမှ မမှန်ဘူး။ အာဏာသိမ်းပြီးကတည်းက မှားနေတာ အခုထိ တောက်လျှောက်မှားနေတာပဲ။ အရှေ့ကအမှားကို နောက်က အမှားနဲ့ ဖုံးချင်တယ်၊ အဲဒီအမှားကို နောက်ထပ် အမှားကြီးတခုနဲ့ ဖုံးချင်တယ်။ မင်းအောင်လှိုင်က နိုင်ငံရေးသားကြောပြတ်သွားပြီ၊ တရားစီရင်ရေးရော ဥပဒေပြုရေးပါ သူတို့ ဆွဲယူထားတာရှိတယ်၊ အဲဒါ စစ်အာဏာရှင်စနစ်ရဲ့ အနှစ်သာရပဲလေ၊ စစ်အာဏာရှင်စနစ်ရဲ့ အသွင်သဏ္ဌာန်ပဲ သရုပ်သကန်ပဲ။ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာသုံးရပ်ကို အဖွဲ့အစည်းတ ခုတည်းက၊ ပါတီတခုတည်းက၊ အစုအဖွဲ့တခုတည်းက ချုပ်ကိုင်ထားတယ်ဆို ဒါ အာဏာရှင်ပဲ။ လက်နက်ကိုင်ပြီး စစ်တိုက်နေလို့ စစ်အာဏာရှင်ဖြစ်တာ၊ ပါတီတခုတည်းက ချုပ်ကိုင်တယ်ဆိုရင် တပါတီအာဏာရှင် ဖြစ်မှာပဲ။ အခု တော်လှန်နေတယ်ဆိုတဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ အဲဒီဟာကို ရိုက်ချိုးဖို့ တော်လှန်နေတာ၊ အာဏာသုံးရပ်စလုံးကို မည်သူကမဆို ဆုပ်ကိုင်ထားသရွေ့ ကျနော်တို့ ဆက်လက်တော်လှန်ဖို့လိုတယ်၊ အလေးအနက်ပြောချင်တယ်” လို့ ပြောပါတယ်။

မဲစာရင်းမှာ ပါတီဝင်တွေကိုယ်တိုင် မပါဝင်တာ၊ မိသားစုဝင်တွေ မပါဝင်တာတွေရှိနေတဲ့အတွက် မဲစာရင်းကြည့်ကြဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည-မန္တလေးတိုင်း) က အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

အောက်တိုဘာ ၁၂ ရက်က စတင်ပြီး မဲစာရင်းမှာ ပါတီဝင်တွေ၊ ပါတီကို လိုလားသူတွေနဲ့ မဲပေးဖို့ ဆန္ဒရှိတဲ့ ပြည်သူတွေရဲ့အမည်တွေ မဲစာရင်းမှာ ပါဝင်ရေးလှုပ်ရှားမှုတွေကို တစညပါတီက စတင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ စိုးဝင်းဆွေက “စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မတတ်သာတဲ့ အခြေအနေကြောင့် နေထိုင်ရတဲ့လူတချို့ ရှိနိုင်ပါတယ်။ သူတို့ကိုလည်း ကျနော်တို့အဓိက ပြောချင်တာကတော့ နိုင်ငံတော်အာဏာကို မတရားနည်းနဲ့ရယူထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဖြစ်တယ်၊ အာဏာရယူပြီးတဲ့နောက်မှာလည်း ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတာဖြစ်တယ်၊ ဒီလိုလူကို ကျနော်တို့က တရားဝင်သွားအောင် အသိအမှတ်ပြုတဲ့ သဘောသက်ရောက်တဲ့ ရွေးကောက်ပွဲလိုဟာမျိုးမှာ မပူးပေါင်းကြဖို့ပေါ့ဗျာ၊ လက်မခံဘဲငြင်းဆန်ကြဖို့ ပြည်သူတရပ်လုံးကို ကျနော်တို့က အလေးအနက်တိုက်တွန်း လိုပါတယ်ဗျ” လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာ ၃၀ ရက်မှ  အောက်တိုဘာ ၁၃ ရက်အထိ ၁၄ ရက်ကြာ ပြည်သူတွေကို မဲစာရင်းကြည့်ခွင့်ပေးခဲ့တာပါ။ မဲစာရင်းအမှားအယွင်းများနေတဲ့အတွက် အောက်တိုဘာ ၂၀ ရက်အထိ ရက်ထပ်တိုးပြီး မဲစာရင်းကြည့်ခွင့်ပေးထားတယ်လို့ အောက်တိုဘာ ၉ ရက်မှာ  ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲပထမပိုင်း စလုပ်မယ်လို့ ကြေညာထားပြီး ၅၇ ပါတီက ကိုယ်စားလှယ် ၅,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013