DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ခွေးသေးပန်းပင် ဆေးဖက်ဝင်
DVB
·
October 15, 2025
နွေဦးပြည်သူတို့အတွက် ခွေးသေးပန်းပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ခွေးသေးပန်းပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ခွေးသေးပန်းပင်ကို သိပ္ပံလို Ageratum conyzoides လို့ခေါ်ပြီး အင်္ဂလိပ်လို Billygoat Weed, Goat Weed, Ageratum, Tropical Whiteweed, Chick weed, Blue Top, Whiteweed, Mother Brinkley လို့ခေါ်ကြပါတယ်။

ခွေးသေးပန်းပင်မှာ saponin, flavonoid, polyphenol, amino acid, coumarin, ageratochromene, fryelin, ß-sitosterol, stigmasterol, tannin, alkaloid, quercetin, scutellarein, chromene, fumaric acid, caffeic acid, saponin, pyrrolizidine, cagerat chromene derivatives, kaempferol, glycoside, မရှိမဖြစ်ဆီများ စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါ၀င်ပြီး အနာကျက်ခြင်း၊ အကိုက်ခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတိတ်ဆေး အာနိသင်ရှိခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း၊ ဓာတ်မတည့်မှုကို ဆန့်ကျင်ခြင်း၊ ဇီဝကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ သွေးခဲခြင်းကို ဟန့်တားခြင်း၊ ကြွက်သားဖြေလျှော့စေခြင်း၊ အဖျားကို ပျောက်စေခြင်း၊ ငှက်ဖျားတိုက်ဖျက်ခြင်း၊ ဝမ်းပျက်/ဝမ်းလျှော အစာလမ်းကြောင်းပြဿနာများ လျှော့ချပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ခွေးသေးပန်းပင်ရဲ့ အရွက်၊ အခေါက်၊ အမြစ်နဲ့ အပွင့်တို့ကို သုံးစွဲကြပါတယ်။

လတ်လတ်ဆတ်ဆတ် အရွက်သတ္တုရည်ကို ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ရှနာများမှာ လိမ်းပေးခြင်း/ထုထောင်း အုံပေးခြင်းဖြင့် အနာကို သန့်ရှင်းစင်ကြယ်စေပြီး ရောင်ရမ်းခြင်းကို လျော့ပါးစေကာ အနာကျက် မြန်စေပါတယ်။ အနာစိမ်းနဲ့ ပြည်တည်နာများမှာ အရွက်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် ပြည်ပေါက်ကာ အနာကျက်စေပါတယ်။ ဆူးစူးခြင်းများမှာ အရွက်ကို ထုထောင်းပြီး အုံဆေး/လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အရေပြားယားယံခြင်း အမျိုးမျိုးအတွက် လတ်လတ်ဆတ်ဆတ် အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။ အရေပြားမှိုပိုးကူးစက်မှုများမှာလည်း အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် သက်သာမှု ရစေပါတယ်။

အပင်မှာ ရောင်ရမ်းမှုဆန့်ကျင်တဲ့ ဓာတ်ပေါင်းများ ပါဝင်တာကြောင့် အဆစ်အမြစ် ရောင်ရမ်းခြင်းမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပြီး အရွက်ကို ထုထောင်းကာ ရောင်ရမ်းနေတဲ့ အဆစ်များမှာ စည်းနှောင်ပေးထားခြင်းဖြင့် သက်သာစေပါတယ်။

ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ လတ်လတ်ဆတ်ဆတ် အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

နာတာရှည် ပန်းနာရင်ကြပ်ရောဂါမှာ အရွက်ခြောက် ရေနွေးကြမ်းတခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၃-၄ ကြိမ် သောက်သုံးပေးခြင်းဖြင့် ချွဲပျော်စေပြီး အသက်ရှူရ လွယ်ကူစေပါတယ်။

ဝမ်းလျှော/ဝမ်းပျက်ခြင်းများမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့  ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဆီးသွားခြင်းကို အားကောင်းစေပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့ အာနိသင် ရှိတာကြောင့် ဆီးနဲ့ပတ်သက်တဲ့ ပြဿနာများမှာ အရွက်ကို ရေနွေးကြမ်းပြုလုပ်ပြီး တနေ့ ၃-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဖျားနာခြင်းများမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့် ထည့်ပြီး တနေ့  ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါ ဝေဒနာရှင်များ အရွက်ခြောက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို သွေးတွင်းသကြားဓာတ်ပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဆီးကျိတ်ရောင်ခြင်းအတွက် အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကျောက်ကပ် ကျောက်တည်ခြင်းအတွက် အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို သံပုရာရည် ၁ ခွက်နဲ့ တနေ့  ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ဖြစ်ခါစ ကျောက်များကို ကျစေပါတယ်။

အဖောရောဂါမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့  ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဓာတ်မတည့်မှုဖြစ်စဉ်များမှာ အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

လိပ်ခေါင်းသွေးယိုခြင်း/သားအိမ်တွင်းသွေးယိုခြင်း ရောဂါအတွက် အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သကြား ကော်ဖီ ၁ ဇွန်း ထည့်ကာ တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကလေး ဝမ်းလျှောရောဂါအတွက် အမြစ်သွေးရည် ကော်ဖီ ၁ ဇွန်းခန့်ကို ဆားမီးဖုတ် အနည်းငယ်ထည့်ကာ တနေ့ ၂-၃ ကြိမ် တိုက်ကျွေးပေးနိုင်ပါတယ်။

သွားကိုက်ခြင်းအတွက် အပင်ပြုတ်ရည်ကို ငုံပေးနိုင်ပါတယ်။

အကျိတ်/အဖုများမှာ အမြစ်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် သက်သာစေပါတယ်။

လတ်ဆတ်တဲ့ အရွက်သတ္တုရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်း/ခေါင်းလျှော်ပေးခြင်းဖြင့်  ဗောက်ကင်းစင်စေပြီး ဆံပင်ကို ပျော့ပျောင်းစေပါတယ်။

လတ်ဆတ်တဲ့ အရွက်အနည်းငယ်ကို ရုံးပတီသီးနဲ့ ဟင်းချိုချက်သောက်ပေးခြင်းဖြင့် နို့တိုက်မိခင်များမှာ နို့ရည်စီးဆင်းမှုကို တိုးမြင့်စေပြီး နို့ထွက်နှုန်း ကောင်းစေပါတယ်။

အိပ်မပျော်ခြင်းအတွက် အပွင့်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ညအိပ်ချိန် သောက်ပေးခြင်းဖြင့် အိပ်စက်ခြင်းကို တိုးတက်စေပါတယ်။

အရွက်သတ္တုရည်ကို မျက်စိနာဝေဒနာများမှာ တနေ့ ၂-၃ ကြိမ် လိမ်းပေးနိုင်ပါတယ်။

ခွေးသေးပန်းရွက် လက်ဖက်ခြောက် ရေနွေးကြမ်း အသင့်အတင့်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ နာတာရှည်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပြီး အဆစ်ရောင်ရောဂါကို တားဆီးခြင်း၊ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ပါးစေခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို တားဆီးပေးခြင်း၊ အစာလမ်းကြောင်း ကျန်းမာရေးကို ဟန်ချက်ညီစေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

ခွေးသေးပန်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ လေထိုးခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ခွေးသေးပန်းပင်နဲ့ ဓာတ်မတည့်သူများ ခွေးသေးပန်းပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ အသည်းရောဂါအခံရှိသူများ သုံးစွဲခြင်း မပြုသင့်ပါ။

နွေဦးပြည်သူများ ခွေးသေးပန်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013