DVB Logo
Home
မြန်မာသတင်း
ARSA နှင့် RSO တိုက်ခိုက်မှုကြောင့် ၂ လအတွင်း အနည်းဆုံး အရပ်သား ၉ ဦး သေဆုံး
DVB
·
October 14, 2025
ARSA နှင့် RSO တိုက်ခိုက်မှုကြောင့် ၂ လအတွင်း အနည်းဆုံး အရပ်သား ၉ ဦး သေဆုံး
Donate to DVB

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မောင်တောခရိုင်အတွင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေကြောင့် ၂ လအတွင်းမှာ ဒေသခံ ၉ ယောက်ထက်မနည်း သေဆုံးပြီး ပျောက်ဆုံးသူတွေလည်း ရှိနေပါတယ်။

မောင်တောခရိုင်အတွင်းရှိ ဒုံးညို(မြို)၊ တမန်းသားကျေးရွာနဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ARSA နဲ့ RSO ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြန်ပေးဆွဲ လုယက် သတ်ဖြတ်မှုတွေကြောင့် စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လအတွင်းမှာ ပျောက်ဆုံးနေသူ ၁၃ ယောက်ထက်မနည်း ရှိလာနေပြီး အဲဒီထဲမှာ သေဆုံးသူ ရုပ်အလောင်း ၈ လောင်းထိ တွေ့ရှိထားကာ ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပါ။

အလားတူ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ကုန်စည်သယ်ယူပို့ဆောင်ပေးနေတဲ့ ‌ဒေသခံတွေကိုလည်း လမ်းခုလတ်တွေမှာ မိုင်းဆွဲတိုက်ခိုက်တာ၊ လုယက်သတ်ဖြတ်တာတွေကြောင့် ဒေသခံ ခရီးသွားပြည်သူတယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ DVB ရဲ့ စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ အာရက္ခတပ်တော် (AA) အနေနဲ့ မြို့တွင်းအဝင်ဂိတ်တွေမှာ လုံခြုံရေးကို အထူးဂရုစိုက် လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံတယောက်က “ကျနော်တို့ စိုးရိမ်တာပေါ့ဗျာ၊ မြောက်ပိုင်းလမ်းဘက်ကို သိပ်ပြီးတော့ မသွားရကြဘူး။ အလုပ်လုပ်ဖို့ မသွားရဲဘူး၊ ကုန်စည်စီးဆင်းဖို့အတွက် ခရီးသည်တွေ မသွားကြဘူး၊ အရမ်းဂရုစိုက်ပြီး နေနေရပါတယ်။ ညဘက်တွေဆိုလည်း နိုးနိုးကြားကြား နေရတာပေါ့။ ခုက ARSA အဖွဲ့တွေဆီမှာ လက်နက်ခဲယမ်းတွေလည်း ပါလာပြီဆိုတော့ ဘယ်နားကနေ ဘယ်လိုမျိုး လုပ်ကြံမလဲ၊ အကြမ်းဖက်မလဲ အဲလိုမျိုးတွေကို စိုးရိမ်လို့ စောင့်ကြပ်ပြီး သွားလာရတာပေါ့နော်။ စိမ့်ဝင်လှုပ်ရှားမှုတွေကို AA ဘက်ကလည်း အရမ်းဂရုစိုက်ပြီးတော့မှ မြောက်ပိုင်းကနေ မြို့တွင်းထဲကိုဝင်လာတဲ့ လမ်းတွေမှာ အရင်ကထက် လုံခြုံရေးတင်းကျပ်တာတွေ၊ စစ်ဆေးတာတွေ ပိုတွေ့လာရတယ်၊ မြို့ဝင်ဂိတ်တွေမှာဆိုရင်လည်း လုံခြုံရေးတင်းကျပ်တယ်” လို့ ပြောပါတယ်။

ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ယာယီတပ်စခန်းတွေ၊ အခိုင်အမာစခန်းတွေ တည်ဆောက်ထားပြီး အဲဒီကနေတဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းကို နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းကနေတဆင့် ဝင်ရောက်နေတာပါ။

ဒါကြောင့် လက်ရှိမှာ AA အနေနဲ့ နယ်စပ်လုံခြုံရေးကို အထူးတိုးမြှင့်လုပ်ဆောင်နေပြီး တောတောင်တွေနဲ့ လူပြတ်တဲ့နေရာတွေကို တယောက်တည်း  ဒါမှမဟုတ် လူနည်းစုနဲ့ သွားလာတာ မလုပ်ကြဖို့၊ အရေးကြီးသွားလာရဖို့ရှိပါက နီးစပ်ရာ AA ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပို့ပြီးမှ သွားလာကြဖို့ကိုလည်း သတိပေး ပြောဆိုထားပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ဒေသခံတွေဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် ကုန်ပစ္စည်း အငှားသယ်ယူပို့ဆောင်မှုတွေ လုပ်နေကြရတယ်လို့ ဆိုပါတယ်။

မောင်တောဒေသခံက “အဓိကက မသွားတာ အကောင်းဆုံးပါ။ ဒါပေမဲ့ မသွားဘဲနေရင် ဘာနဲ့စားကြမလဲ၊ ငတ်နေကြပြီလေ။ အရင်တုန်းကဆို အဲဒီလမ်းကြောင်းကနေ ကုန်တွေကို ကားတွေနဲ့ပဲ သယ်တာပါ။ ဒါပေမဲ့ ခုက ကားလမ်းကလည်း သုံးမရတော့ဘူးဆိုတော့ ဆိုင်ကယ် ကယ်ရီသမားတွေကို ငှားသုံးလာကြပါတယ်။ တစီးကို ၂ သိန်းကနေ ၂ သိန်းခွဲလောက်ထိပေးပြီး ငှားကြတာပါ။ စားဝတ်နေရေး အဆင်မပြေတဲ့သူတွေက အရဲစွန့်ပြီး သွားကြတယ်။ ခုလို သွားတဲ့သူတွေက ခံရတာပေါ့နော်။ ဒေသလုံခြုံရေးက စိုးရိမ်နေရပေမဲ့ ဆင်းရဲပင်ပန်းလွန်းတော့ လုပ်စားကြရတယ်။ ခုက တဖြည်းဖြည်း ပိုဆိုးလာတဲ့ အခြေအနေမှာ ရှိပါတယ်။ လက်လုပ်လက်စားတွေက ပိုဒုက္ခရောက်တာပေါ့ဗျာ။ အငတ်မခံနိုင်လို့ လုပ်စားရင်လည်း ဘဝက ဆုံးဖို့ပဲ ရှိပါတယ်။ အေးချမ်းဖို့ အခြေအနေတွေတော့ မရှိတော့ပါဘူးဗျာ၊ လုံခြုံမှုလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။

တဖက်မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတဲ့အတွက် လုံခြုံရေးသတိရှိဖို့ လိုအပ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကြားမှာ ရိုဟင်ဂျာလက်နက်ကိုင် ARSA၊ RSO အဖွဲ့တွေဟာ ရခိုင်ဒေသတွင်းကို ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားနေမှုတွေကို ဟန့်တားဖို့နဲ့ ထိရောက်စွာ အရေးယူပေးဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထပ်မံ တိုက်တွန်း တောင်းဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013