DVB Logo
Home
နိုင်ငံတကာ
မာဒါဂတ်စကာတွင် ဆန္ဒပြ Gen Z များဘက်က စစ်တပ်ရပ်တည်အပြီး သမ္မတ ထွက်ပြေး
DVB
·
October 14, 2025
မာဒါဂတ်စကာတွင် ဆန္ဒပြ Gen Z များဘက်က စစ်တပ်ရပ်တည်အပြီး သမ္မတ ထွက်ပြေး
Donate to DVB

မာဒါဂတ်စကာနိုင်ငံမှာ Gen Z လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့အပြီး တလကျော်အကြာမှာ သမ္မတ အန်ဒေရ ရာဂျိုလီနာ တိုင်းပြည်က ထွက်ပြေးသွားပြီလို့ အတိုက်အခံခေါင်းဆောင်၊ စစ်ဘက်သတင်းရင်းမြစ်နဲ့ နိုင်ငံခြားသံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မာဒါဂတ်စကာအစိုးရဟာ Gen Z လူငယ်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် တလကျော်အတွင်းမှာ ပြုတ်ကျတဲ့ ဒုတိယမြောက်အစိုးရ ဖြစ်ပါတယ်။ စက်တင်ဘာလ အတွင်းကလည်း နီပေါအစိုးရ ပြုတ်ကျခဲ့ပါတယ်။

သမ္မတ ရာဂျိုလီနာဟာ စစ်သားတွေ သူ့ဘက်က မရပ်တည်တော့ဘဲ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းသွားတဲ့ ၁၂ ရက်နေ့ကတည်းက နိုင်ငံတွင်းက ထွက်ပြေးသွားတာလို့ လွှတ်တော်တွင်း အတိုက်အခံအင်အားစုကို ဦးဆောင်တဲ့ ဆစ်တ်နေ ရန်ဒရီယာနာဆိုလိုနီယာအိုင်ကို‌ က အတည်ပြုပါတယ်။

“ကျုပ်တို့ သမ္မတရုံးအဖွဲ့ကို ဖုန်းခေါ်ကြည့်တဲ့အခါ သူ နိုင်ငံထဲက ထွက်သွားပြီလို့ သူတို့ဘက်က အတည်ပြုပါတယ်” လို့ အတိုက်အခံခေါင်းဆောင်က ဆိုပါတယ်။ သမ္မတရုံးကတော့ မှတ်ချက် မပေးသေးပါဘူး။

၁၃ ရက်နေ့ ညနေပိုင်း ဖေ့စ်ဘွတ်ခ်ကနေလွှင့်တဲ့ မိန့်ခွန်းမှာ သမ္မတ ရာဂျိုလီနာက သူ့အသက်ဘေး စိုးရိမ်ရလို့ ဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အတည်ပြုပါတယ်။

ဒါပေမဲ့ ဘယ်နေရာလဲဆိုတာ မပြောသလို မာဒါဂတ်စကာကို အဖျက်ဆီးခံမှာမဟုတ်ဘူးလို့ ကြွေးကြော်ခဲ့ပါတယ်။

ရာဂျိုလီနာဟာ ဒီမိန့်ခွန်းပြောအပြီးမှာလည်း ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေတယ်လို့  သံတမန်ရေး သတင်းရင်းမြစ်က ရိုက်တာကို အတည်ပြုပါတယ်။

ပြင်သစ်ကိုလိုနီဟောင်း အာဖရိကကျွန်းနိုင်ငံ မာဒါဂတ်စကာရဲ့ သမ္မတဟာ ပြင်သစ်စစ်လေယာဉ်တစင်းနဲ့ ၁၂ ရက်နေ့က ထွက်ပြေးသွားတာလို့ စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သူဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းနဲ့ သဘောတူညီမှု ယူထားတာလို့ ပြင်သစ်ရေဒီယို RFI က ဖော်ပြပါတယ်။

အီဂျစ်မှာ ဂါဇာဆွေးနွေးပွဲတက်နေတဲ့ မက်ခွန်းကတော့ ဒီသတင်းကို ချက်ချင်း အတည်မပြုနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

မာဒါဂတ်စကာမှာ အခြေခံဥပဒေနဲ့ညီညွတ်တဲ့ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရမှာဖြစ်ပြီး လူငယ်တွေရဲ့ မကျေနပ်ချက်တွေကို နားလည်ပေမဲ့ စစ်တပ်တွင်း ဂိုဏ်းဂဏတွေက ဒီမကျေနပ်ချက်တွေကို အမြတ်ထုတ်တာမျိုး မဖြစ်သင့်ဘူးလို့လည်း မက်ခွန်းက မှတ်ချက်ပေးပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ စက်တင်ဘာ ၂၅ ရက် ကတည်းက ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကို အခြေခံပြီး စတင်ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်မှု ညံ့ဖျင်းတာနဲ့ အခြေခံဝန်ဆောင်မှုတွေ မရှိတာလိုမျိုး ပိုကျယ်ပြန့်တဲ့ မကျေနပ်မှုတွေအပေါ် အုံကြွမှုအဖြစ် အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့ပါတယ်။

လူဦးရေ သန်း ၃၀ လောက်နေထိုင်တဲ့ မာဒါဂတ်စကာနိုင်ငံဟာ နိုင်ငံ့လူဦးရေရဲ့ လေးပုံသုံးပုံက ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာ နေထိုင်နေကြရပြီး နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ အသက် ၂၀ အောက် ဖြစ်တာကြောင့် Gen Z လူငယ်တွေရဲ့ မကျေနပ်မှုတွေဟာ အထူးကြီးမားနေခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013