DVB Logo
Home
မြန်မာသတင်း
နတ်ရေကန်ဗျူဟာစခန်း အချိန်မရွေးသိမ်းပိုက်ခံရနိုင်သဖြင့်  စစ်တပ်ခံစစ်ပြင်  
DVB
·
October 14, 2025
နတ်ရေကန်ဗျူဟာစခန်း အချိန်မရွေးသိမ်းပိုက်ခံရနိုင်သဖြင့်  စစ်တပ်ခံစစ်ပြင်  
Donate to DVB

ရခိုင်နဲ့ မကွေးအစပ်၊ အမ်း-မင်းဘူးကားလမ်းပေါ်မှာရှိပြီး အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ ဖြတ်တောက်ထားတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ အချိန်မရွေး သိမ်းပိုက်ခံရနိုင်တာကြောင့် စစ်တပ်က ပဒါန်းမြို့နဲ့ ၅ မိုင်အကွာထိ ဆုတ်ပြီးခံစစ်ပြင်နေပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိပြီး ပဒါန်းတပ်နယ်အတွက်အရေးပါတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့အတွက် အချိန်မရွေးကျသွားနိုင်တဲ့အခြေအနေရှိနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အမ်း-မင်းဘူးလမ်းကနေ တပ်ကူမပို့နိုင်‌တော့တဲ့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာတွေချပေးနေသလို ကပစ-၁၄ ကနေတဆင့် မြေပြင်တပ်ကူပို့ဖို့ကြိုးစားနေကြောင်း အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ရေးရင်းမြစ်က ပြောပါတယ်။

ရှေ့တန်းနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က “မနေ့က မနက်ကိုပဲ Y12 နဲ့ ရိက္ခာလာချတယ်။ အင်အားတွေရှိတယ်၊ ဒါပေမဲ့ ခဲယမ်းရိက္ခာမရှိတော့ဘူး။ နောင်ဆိုတဲ့ နောင်ရွာဆိုတာ သူတို့ အဲရွာမှာလည်း သူတို့စခန်းတည်ထားတာရှိတယ်။ အင်ပိုးနဲ့ ကပစ ၁၄ နဲ့က ဆက်စပ်လမ်းတွေ အဲလမ်းတွေက။ အဲလမ်းကနေပြီး ခြေလျင်တက်လာတယ်စစ်ကြောင်းတွေက၊ အဲမှာ ၃ ရင်းတဗျူဟာရှိတယ်။ အဲဒီနားပါပဲ ဒီအောက်ကြောဆိုရင် ပဇီလည်းသိမ်းပြီးပြီဆိုတော့ ‌အောက်မှာဘာရှိတုန်း ပျင်းဝရယ်၊ ဂုတ်ဝရယ် ဒါပဲရှိတော့မှာ။ ရတာတော့သေချာပြီ၊ ဒါပေမဲ့ အကောင်းတိုင်း လိုချင်တာပေါ့”လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာ အမ်း-မင်းဘူး လမ်းဟောင်းဘက်မှာဆို ပဇီရွာဝန်းကျင်၊ လမ်းသစ်ဘက်မှာဆို ဂုတ်ကြီးရွာဝန်းကျင်အထိ ထိန်းချုပ်ထားတာကြောင့် မြေပြင်စစ်ကူပို့မရဘဲ ပိတ်မိနေကြတာလို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့်ပဲ စစ်တပ်ဟာ ကပစ-၁၄ ကနေတဆင့် တောလမ်းအတိုင်း လိုင်ရွာနဲ့ နောင်ရွာဘက်တွေကနေ ခြေလျင်တပ်တွေပို့ဖို့ကြိုးစားနေလို့ အောက်တိုဘာ ၁၂ ရက်ညပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပဒါန်းမြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ သာယာကုန်းရွာနဲ့ ရိုးမအဆင်းက ဇင်ပြွန်းရွာအကြား ခံစစ်ပြင်နေကြောင်းသိရပါတယ်။

ငဖဲဒေသခံ အမျိုးသားတယောက်က  “အခုက ခံစစ်က ဟိုမှာရောက်နေပြီ။ ပျဉ်းဝက မစ်ဆိုင်းဒုန်းတွေ ပစ်တဲ့နားမှာ အဲမှာထိုင်တယ်လေ။ ဘုရားကုန်းကျော်ပြီးတော့ အနောက်လမ်းဟောင်းရော၊ လမ်းသစ်ကောက သွားဖို့မလွယ်ဘူးလေ။ ဟိုဘက်ကစီးထားတာကိုး PDF တွေက။ ကျနော်တို့ ပဒါန်းကတော့ ပုံမှန်အတိုင်းနေတယ်နော်။ ကျနော်တို့က အရပ်စကားနဲ့ ဘယ်လိုပြောရမလဲ အရေထူပြီဆိုတဲ့သဘောမျိုး ရောက်နေပြီထင်တယ်။ ဘာလို့လဲဆို‌တော့ သိပ်လှုပ်တာ ပြုတာမကြားသေးဘူး။ ဒါပေမဲ့ ဒီနားပဲ ကိုယ့်အနားကပ်လာပြီ ရွာနားရောက်ပြီဆိုရင်တော့ မပြောတတ်သေးဘူးလေ အဲဒီအခါဆိုရင်တော့ တမျိုးပေါ့”လို့ ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်၊ မနက်ပိုင်းမှာတော့ လက်နက်သံခဏငြိမ်နေပြီး နတ်ရေကန်ဗျူဟာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်တဲ့သတင်း မကြားရသေးကြောင်း သူကဆက်ပြောပါတယ်။

AA ဦးဆောင်တဲ့တပ်တွေဟာ နတ်ရေကန်ဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်ခဲ့တယ်လို့ခန့်မှန်းရတာကြောင့် အခုချိန်ထိဆိုရင် ၈ လ ဝန်းကျင်ကြာမြင့်လာပါပြီ။ 

နတ်ရေကန်ဗျူးဟာရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး ဒီဒေသမှာ တာဝန်ကျဖူးသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က “နတ်ရေကန်စခန်းကို ရမယ်ဆိုရင်တော့၊ အနှစ်ချုပ်ဆိုရင်တော့ အမ်း ချီစစ်အိမ်မက် လုံးဝပျက်သွားပြီ။ ပြီးရင် ပဒါန်းတပ်နယ် လုံးဝနောက်ဆုတ်ရွှေ့ပြေးရမယ်။ နောက်ဆုတ်ရွှေ့ပြေးရမယ် ပေါ့နော်ပြီးရင် ပုသိမ်-မုံရွာလမ်းကိုလည်း ၅၀ ရာခိုင်နှုန်းကျော် ဖြတ်တောက်လိုက်နိုင်ပြီလို့ ပြောရမှာဖြစ်ပါတယ်ဗျ”လို့ ပြောပါတယ်။

ဒါကြောင့် နတ်ရေကန်ဗျူဟာသာကျခဲ့မယ်ဆိုရင် ကပစ-၁၄ ကိုပေးလိုက်ရမှာဖြစ်သလို ပဒါန်းတပ်နယ် အတွက်လည်း ခြိမ်းခြောက်မှုဖြစ်လာမှာကြောင့် စစ်တပ်က မဖြစ်မနေ တန်ပြန်တိုက်စစ်ဆင်လိမ့်မယ်လို့ ကိုဇင်ယော်က ခန့်မှန်းပါတယ်။

ဒါအပြင် နတ်ရေကန်ဗျူဟာဖွဲ့စည်းပုံဟာ လေကြောင်းတိုက်ခိုက်ဖို့လွယ်ကူတာကြောင့်  AA အနေနဲ့ သိမ်းပိုက်နိုင်ခဲ့ရင်တောင် အထိုင်ချမှာ မဟုတ်ဘဲ ဖြတ်တောက်ထားလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ အမ်း-မင်းဘူး၊ ရိုးမလမ်းပိုင်းဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်ခြေ ရှိနေပြီး စစ်ဧရိယာကျယ်ပြန့်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပဒါန်းတပ်နယ်မှာ စစ်တပ်က ကပစ-၁၄ အပါအဝင် အမတ-၃၇၅၊ အမတ-၄၀၉နဲ့ အမြောက်ကွပ်ကဲမှု စစ်ဌာနချုပ် မစခ-၉၀၅ တို့ကို အခြေစိုက်ထားတာ ဖြစ်ပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013