DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ် ကြားကာလပညာသင်ကျောင်းများ ယာယီပိတ်မည်
DVB
·
October 10, 2025
လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ် ကြားကာလပညာသင်ကျောင်းများ ယာယီပိတ်မည်
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က စာသင်ကျောင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ကြားကာလ ပညာသင်ကျောင်းတွေ ယာယီပိတ်မယ်လို့ မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား ၃ ယောက်နဲ့ စိတ်ရောဂါသည်တယောက် အပါအဝင် စုစုပေါင်း ၄ ယောက် သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်တဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ မင်းတပ်မြို့နယ်က ကျေးရွာတွေကို ဗုံးကြဲချခဲ့တာကြောင့် မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာ RC ဘုရားကျောင်းဝန်းထဲရှိ စစ်ရှောင်စခန်း စာသင်ကျောင်းက ၁၀ တန်းကျောင်းသား ၃ ယောက်နဲ့ စိတ်ရောဂါသည် အမျိုးသမီးတယောက်‌ သေဆုံးခဲ့ပြီး ဝမ္မသူးရွာ စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက မင်းတပ်မြို့နယ်က စာသင်ကျောင်း၊ ဘော်ဒါဆောင်တွေကို‌ ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကာ နေ့စဉ်နီးပါး လေကြောင်းအန္တရာယ် စိုးရိမ်နေရတဲ့အတွက် စာသင်ကျောင်းတွေကို အောက်တိုဘာ ၉ ရက်‌ကစပြီး ယာယီပိတ်ထားမယ်လို့ မင်းတပ်မြို့နယ် ပညာရေးတာဝန်ခံ ဆရာစိမ်းယောမောင်းက ပြောပါတယ်။

“ကျနော်တို့ NUG ရဲ့ ညွှန်ကြားချက်အတိုင်း ကတုတ်ကျင်းတူးတယ်၊ လေကြောင်းရန် ကာကွယ်ရေးတွေ လုပ်တယ်။ ဒါပေမဲ့ အခု မင်းတပ်ဘက်မှာကျတော့ စာသင်ကျောင်းတွေကို အဓိက ဦးတည်လာတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေကို အဓိက ဦးတည်လာတာ တွေ့ရတဲ့အတွက် အခုလိုလုပ်လိုက်ရတာပါ။ တခြားပုံစံနဲ့သွားဖို့ ဆိုရင်လည်း ဆရာ ဆရာမတွေနဲ့ မိဘတွေနဲ့ ကျောင်းအုပ်ချုပ်ရေးကောင်စီနဲ့ တိုင်ပင်ပြီး တခုခုတော့ ပြန်စီစဉ်ဖို့ရှိပါတယ်။ ဒီတိုင်းကြီး ဆက်တိုက်ကြီး ရပ်နားတဲ့ပုံစံ မဟုတ်ဘဲနဲ့လေနော်။”

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်က ဒဏ်ရာပြင်းထန်ကာ ဆေးဝါးကုသဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

လေကြောင်းရန်ကာကွယ်ရေးအတွက် ပြင်ဆင်ပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်သွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို စာသင်ကျောင်းတွေကို ဦးတည်တိုက်ခိုက်နေတဲ့အတွက် ကလေးတွေ ပညာသင်ကြားရေးအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံနေကြရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

“အကုန်လုံးထိခိုက်တာပေါ့၊ ကလေးတွေတင်မဟုတ် ဆရာ ဆရာမတွေရော၊ စာသင်ကြဖို့ မဝံ့မရဲတာရှိတယ်။ ကလေးတွေစာသင်ကြဖို့ ဂရုမစိုက်နိုင်တာရှိတယ်။ စိတ်ဒဏ်ရာတွေ ရတာရှိတယ်။ ပြီးတော့ မိဘတွေကလည်း သားသမီးကို ကျောင်းကို မလွှတ်ချင်တာတွေ ရှိတယ်။ အဲ့တော့ နောက်ဆက်တွဲကတော့ အများကြီးပေါ့။ ဆရာ ဆရာမတွေအတွက်ရော ရပ်ရွာ ကွန်မြူနတီအတွက်ရော ကလေးတွေအတွက်ရော ပညာရေးပါမက တခြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက်ရော၊ ပညာရေးစနစ် တခုလုံးအတွက်ကို အယုံအကြည်မဲ့တာရော၊ အဓိကကတော့ စစ်ကောင်စီလိုချင်တဲ့ ရလဒ်တခုဖြစ်တာပေါ့။ စာမသင်ကြဖို့ ကျောင်းမတက်ကြဖို့ ခေတ်တခုလုံးကို အပြစ်တင်စရာ လူလိုက်ရှာဖို့ အဲလိုမျိုးတွေပေါ့။”

မင်းတပ်မြို့နယ်မှာ ကြားကာလ စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသား ကျောင်းသူ ၁၃,၀၀၀ ကျော်ကို ဆရာ၊ ဆရာမ အယောက် ၁,၄၀၀ နီးပါးက ပညာသင်ကြားပေးနေပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013