
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆတဟိပ်မြို့မှာ ဂျာမနီနိုင်ငံသားတယောက် မြက်ရှင်းရင်း အနက် ၂၀ မီတာရှိ ရေတွင်းဟောင်းထဲ ပြုတ်ကျသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီလောက်က ဆတဟိပ်မြို့၊ ဥဒုမ်းဆဒ်ရပ်ကွက်ရှိ အိမ်ဝင်းတခုထဲမှာ လူတယောက် ရေတွင်းဟောင်းထဲ ပြုတ်ကျနေကြောင်း တိုင်ကြားချက်ရတဲ့အတွက် သွားရောက်ကူညီ ကယ်ဆယ်ခဲ့တယ်လို့ ဆဝမ်ရို့ထမဆထန် လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ မြက်ပင်ကြားထဲက ရေတွင်းဟောင်းတခုထဲ လူတယောက် ပြုတ်ကျနေပြီး အဲဒီထဲမှာ တနာရီနီးပါး ကျနေတာကြောင့် နွမ်းလျနေတယ်၊ ကယ်ဆယ်ရေးအဖွဲ့က ရေတွင်းထဲဆင်းပြီး သူ့ခန္ဓာကိုယ်ကို ကြိုးနဲ့ချည်ကာ အပေါ်ကို ဆွဲတင်ခဲ့တယ်၊ ကယ်တင်ချိန် ၁၅ မိနစ်သာရှိပြီး အသက်ဘေးက လွတ်ကင်းခဲ့ပြီလို့ ဆိုပါတယ်။
တွင်းထဲကျသွားသူမှာ အသက် ၆၃ နှစ်ရွယ်ရှိ Mr. Roland Lorenz ဆိုသူ ဂျာမနီနိုင်ငံသားတယောက် ဖြစ်တယ်။ သူဟာ အဲဒီနေ့က ခြံထဲ မြက်တွေကို စက်နဲ့ရိတ်နေရင်း ပြုတ်ကျသွားတာလို့ အိမ်နီးချင်းအမျိုးသမီးက ပြောပါတယ်။
ဒီမတိုင်ခင် မနက်က သူမြက်ရှင်းနေတာတွေ့လို့ လှမ်းနှုတ်ဆက်လိုက်သေးတယ်၊ ပြီးတော့ အိမ်ထဲပြန်ဝင်ပြီး အိမ်မှုကိစ္စတွေ လုပ်နေတယ်၊ အဲဒီနောက် ခွေးဟောင်သံကြားလို့ ထွက်ကြည့်ရာမှာ လူတယောက် အော်သံကိုပါ ကြားရတယ်၊ အော်သံကြားတဲ့နေရာ သွားကြည့်တော့ Mr. Roland ရေတွင်းထဲပြုတ်ကျနေလို့ သူမလည်း မဆယ်တတ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို လှမ်းပြီးအကြောင်းကြားရတာလို့ ပြောသွားပါတယ်။
Source: Amarin TV / JoCho










