DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျခံ နိုင်ငံ့ခေါင်းဆောင် ၂ ဦးကို အဂတိလိုက်စားသူဟု ဒေါ်သက်သက်ခိုင် စွပ်စွဲ
DVB
·
October 9, 2025
အကျဉ်းကျခံ နိုင်ငံ့ခေါင်းဆောင် ၂ ဦးကို အဂတိလိုက်စားသူဟု ဒေါ်သက်သက်ခိုင် စွပ်စွဲ
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ မတရား ဖမ်းဆီးတာခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးဟာ နိုင်ငံရေးအကျဥ်းသားများတွေ မဟုတ်ဘဲ အဂတိလိုက်စားလို့ ထောင်ကျခံနေရသူတွေ ဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ အောက်တိုဘာ ၈ ရက် မနက်က ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပေါ်ပြူလာသတင်းဌာနမှ ဦးမြတ်ခိုင်က PPP ပါတီအနေနဲ့ နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးဝင်းထိန်တို့ လွတ်မြောက်ဖို့ တောင်းဆိုသွားမှာလားဆိုတဲ့ မေးခွန်းကို ပါတီခေါင်းဆောင် ဒေါ်သက်သက်ခိုင်က  ပြောဆိုခဲ့တာပါ။

"နိုင်ငံရေးအကျဥ်းသားလို့ နိုင်ငံတကာက သတ်မှတ်တာရှိပါတယ်။ သို့သော်လည်း တကယ်တမ်း ပုဒ်မတွေက နိုင်ငံရေးပုဒ်မတွေ မဟုတ်ပါဘူး။  အစိုးရဖြစ်ဖူးတဲ့အချိန်မှာ အကျင့်ပျက်ခြစားတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရတာပါ။ ဘာလို့ အဲဒါကို ကျမက ပြောနိုင်လဲဆိုတော့ ဒါကတော့ အများစိတ်ဝင်စားတဲ့ကိစ္စပေါ့။ လူတိုင်းလည်း သိပါတယ်။ ဒါကတော့ ဘာပုဒ်မတွေလဲဆိုတာ ထောင်ဒဏ် ဘယ်လောက်ကျနေလဲဆိုတာ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီက တဖက်သတ် စွပ်စွဲပြီး အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဒီရွှေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ခုအချိန်အထိ သက်သေမပြနိုင်သေးပါဘူး။

ဒီစွပ်စွဲချက်တွေဟာ အဓိပ္ပာယ်မရှိတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ငြင်းဆိုထားသလို မြန်မာပြည်သူအများစုကရော နိုင်ငံတကာ အသိုက်အဝန်းကပါ နိုင်ငံရေးလုပ်ကြံမှုအဖြစ် သတ်မှတ် ရှုမြင်ထားတာ ဖြစ်ပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ် ကြုံတဲ့အခါ အရေးပေါ်အသုံးပြုဖို့ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။  

"ကိုဗစ်အတွက် ရန်ပုံငွေ ထရီလီယံနဲ့ချီပြီးရတယ်။ အဲဒီလိုရတာကို အစိုးရလုပ်တဲ့သူတွေဟာ ဟက်စကီး ဝယ်တယ်။ သူ့ခေါင်းစဥ်နဲ့ မကိုက်ဘဲ သုံးခဲ့ကြတယ်။ ပြီးတော့ မလိုအပ်တဲ့ အလေအလွင့်တွေ သုံးခဲ့ကြတယ်။ ဒါတွေ စစ်ဆေးပေါ်ပေါက်တယ်။ ဟက်စကီးစီးဖို့က အန်တီဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်ပိုင် ရဟတ်ယာဥ်ဝယ်တာပေါ့။ အလေအလွင့်များတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တာတွေ ရှိတယ်။ နောက်ဆုံး ဘယ်သူက တာဝန်ခံရလဲဆိုတော့ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်က တာဝန်ခံတာပေါ့။ ဒါက ကျမကိုယ်တွေ့။ နိုင်ငံတကာက နိုင်ငံရေးအကျဥ်းသားလို့ ခေါင်းစဥ်တပ်ပေမဲ့ တကယ်တော့ အကျင့်ပျက်ခြစားမှု ပုဒ်မတွေနဲ့ အရေးယူခံထားရတဲ့သူတွေပါ” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက် မိုခါ၊ ရာဂီမုန်တိုင်း၊ ရေဘေးမှာရရှိတဲ့ အလှူငွေတွေမှာ NLD လက် ထက်ကလိုမဟုတ်ဘဲ သုံးလို မကုန်အောင် ပိုလျံနေတယ်လို့ ခိုင်းနှိုင်းပြောဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေဆောင်ပါတီက ပြည်သူလွှတ်တော် ၁၉၃ ယောက်၊ အမျိုးသားလွှတ်တော် ၁၄၅ ယောက်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ၃၂၀ ယောက်၊ တိုင်းရင်းသားလူမျိုးစု ၁၄ ယောက် စုစုပေါင်း ၆၇၂ ယောက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013