DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အထောက်အထားမဲ့လုပ်သားများ အွန်လိုင်းက မှတ်ပုံတင်နိုင် 
DVB
·
October 7, 2025
ထိုင်းတွင် အထောက်အထားမဲ့လုပ်သားများ အွန်လိုင်းက မှတ်ပုံတင်နိုင် 
Donate to DVB

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ၄ နိုင်ငံက သိန်းနဲ့ချီတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အောက်တိုဘာ ၁၃ ရက်ကစလို့ အလုပ်သမားကတ် လုပ်ဖို့ အွန်လိုင်းကနေ အမည်စာရင်း စတင်တင်သွင်းလို့ရပြီလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

ရွှေ့ပြောင်းလုပ်သား လူသစ်တွေအတွက် မှတ်ပုံတင်ပေးမယ့်အစီအစဉ်ကို  အောက်တိုဘာ ၁၃ ရက် ကစပြီး အွန်လိုင်းစနစ် e-Work Permit နဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နန်းဆောင် သရီနွတ်ထိန်းထောင်းန်က အောက်တိုဘာ ၆ ရက် ဌာနဆိုင်ရာအစည်းအဝေးမှာ ပြောပါတယ်။

ဒီ e-WorkPermit စနစ်ကို အသုံးပြုခြင်းအားဖြင့် အစိုးရလုပ်ငန်းဆောင်ရွက်မှုပုံစံကို ခေတ်နဲ့အမီ မြှင့်တင်ရာရောက်ပြီး စာရွက်စာတမ်းလုပ်ဆောင်ချိန် တိုတောင်းစေတယ်၊ လုပ်ငန်းစဉ်တွေ လျှော့ချမယ်၊ ကုန်ကျငွေ လျော့နည်းစေတယ်၊ မြန်ဆန်တယ်၊ လုပ်ဆောင်ချက်ပွင့်လင်းမြင်သာရှိပြီး စစ်ဆေးနိုင်တယ်၊ ဝန်ထမ်းတွေ မသမာမှု လျော့နည်းစေတယ်၊ အလုပ်သမားတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို တခြားဌာနဆိုင်ရာတွေနဲ့အတူတွဲပြီး အသုံးပြုနိုင်မယ်။ အောက်တိုဘာ ၁၃ ရက်ကစ eworkpermit.doe.go.th  ဝက်ဘ်ဆိုက်ကနေ အလုပ်သမားအမည်စာရင်းတွေ တင်သွင်းနိုင်ပြီလို့  ဝန်ကြီးက ဆက်ပြောပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ခြင်းဆိုင်ရာ စင်တာတွေကိုလည်း တနိုင်ငံလုံးမှာ ၅၄ နေရာ ဖွင့်လှစ်သွားမယ်၊ အဲဒီထဲက စင်တာပေါင်း ၄၀ မှာ အလုပ်သမားကတ် ထုတ်ပေးခြင်းဆိုင်ရာ ဆောင်ရွက်ဖို့၊ ၅ နေရာမှာ ပထမဆုံးအလုပ်ဝင်ခြင်းနဲ့ အလုပ်သမားငှားရမ်းခြင်း ကုန်ဆုံးမှုကိစ္စ ဆောင်ရွက်ဖို့၊  ၈ နေရာမှာ နယ်လှည့်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ဖို့ နဲ့ နောက်ဆုံး တနေရာမှာ လုပ်ငန်းဆောင်တာ ထိန်းသိမ်းကွပ်ကဲရေးဌာနတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဖိချေ့ ထောင်းန်ဖန်းကလည်း ဒီလုပ်ငန်းစဉ်ဟာ ရွှေ့ပြောင်းအလုပ်သမားများရေးရာကို ဒီဂျစ်တယ်လ်နည်းနဲ့ အဆင့်ဆင့်  စီမံခန့်ခွဲ တာဖြစ်တယ်၊ အလုပ်သမားကတ် ဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ အဆင့်လိုက်ဆောင်ရွက်ဖို့ဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေက ကြီးကြပ်စစ်ဆေးမှာဖြစ်တယ်၊ လွယ်ကူ၊ မြန်ဆန်၊ တိကျ၊ ပွင့်လင်းမြင်သာပြီး တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတာတွေကို လျှော့ချနိုင်မယ်လို့ဆိုပါတယ်။

မှတ်ပုံတင် လိုသူတွေအနေနဲ့ ဘယ်နေရာကပဲဖြစ်ဖြစ်  အချိန်မရွေး ၂၄ နာရီ အွန်လိုင်းကနေ လျှောက်ထားနိုင်မယ်၊ လျှောက်ထားသူတွေ အမည်စာရင်းကျလာပါက သက်ဆိုင်ရာက အီးမေးလ်၊ SMS ဒါမှမဟုတ်  LINE OA ကနေ အကြောင်းကြားမယ်၊ ပြီးရင် ဝန်ဆောင်ရာဌာနကနေ ကျသင့် ငွေသွင်း၊ ကိုယ်ရေးမှတ်တမ်း (မျက်နှာ/မျက်လုံးစကဲင်ဖတ်၊လက်ဗွေနှိပ်) စတာတွေ လာရောက် လုပ်ဆောင်ဖို့ စင်တာနဲ့ ရက်ချိန်းတိုကင်ယူရမယ်လို့ ဆိုပါတယ်။ 

အလုပ်သမားကတ် ဝန်ဆောင်မှုပေးနေတဲ့ ပြင်ပအေဂျင်စီတွေအနေနဲ့  အောက်တိုဘာ ၆ ရက်ကစ မှတ်ပုံစတင်နိုင်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေကတော့ အောက်တိုဘာ ၁၃ ရက်ကစ အမည်စာရင်း တင်သွင်းနိုင်မယ်၊ အလုပ်သမားစီမံခန့်ခွဲရေးဌာန ဝက်ဘ်ဆိုက် https://eworkpermit.doe.go.th ကနေ လျှောက်ထားရမယ်လို့  ဆိုပါတယ်။ 

ဒါ့အပြင် DOE e-Work Permit  ဖေ့စ်ဘွတ်ခ်နဲ့ အလုပ်သမားဝန်ကြီးဌာန အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ လိုင်းခွဲ ၂ တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013