
မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ဘရန့်ဖိုဒ်အသင်းကို လွန်ခဲ့တဲ့ ၁၅ နှစ်က စတုတ်စီးတီးအသင်းနဲ့ နှိုင်းယှဉ်သုံးသပ်သွားပါတယ်။
ဟာလန်းဟာ အောက်တိုဘာ ၅ ရက် မနေ့က ကစားခဲ့တဲ့ ဘရန့်ဖိုဒ်နဲ့ ပွဲစဉ်မှာ စီးတီးအတွက် တလုံးတည်းသောအနိုင်ဂိုး သွင်းယူခဲ့သူဖြစ်ပြီး ပြိုင်ဘက်အသင်းရဲ့ ကစားပုံအပေါ် တချိန်က တိုနီပူးလစ်ရဲ့ စတုတ်စီးတီးအသင်းနဲ့ နှိုင်းယှဉ်သုံးသပ်ခဲ့တာပါ။
ဘရန့်ဖို့ဒ်နဲ့ပွဲက ခက်ခဲခဲ့ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စတုတ်စီးတီးအသင်းနဲ့ ဒီလတ်ပ်တို့ကို အမှတ်ရစေခဲ့ကြောင်း၊ ဘရန့်ဖို့ဒ်ကစားသမားတွေက အရပ်အမောင်းကောင်းမွန်ကြပြီး ကွင်းလယ်လောက်ကနေတောင် လက်ပစ်ဘောနဲ့ ဂိုးထဲဆီ တိုက်ရိုက်ပေးပို့ခဲ့ကြကြောင်း ဟာလန်းက ပွဲအပြီး အင်တာဗျူးမှာ ပြောပါတယ်။
ခံစစ် ၅ ယောက် ပိတ်ကစားခဲ့တဲ့ Low Block ကစားပုံက ခက်ခဲခဲ့ပြီး နည်းပြအဖွဲ့ဝင်တွေရဲ့ ကြိုတင်ပြင်ဆင်မှု အားကောင်းခဲ့လိုသာ ရလဒ်ကောင်းရခဲ့တာ ဖြစ်ကြောင်းလည်း ဟာလန်းက သုံးသပ်သွားပါတယ်။










