DVB Logo
Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခကြား ရခိုင်ရေလုပ်သားများ အကျပ်အတည်းဆိုက်နေ
DVB
·
October 5, 2025
စစ်ရေးပဋိပက္ခကြား ရခိုင်ရေလုပ်သားများ အကျပ်အတည်းဆိုက်နေ
1 / 6
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်က ကုန်းလမ်း၊ ရေလမ်း အဘက်ဘက်ကနေ တားဆီးပိတ်ဆို့ထားမှုတွေကြားမှာ စားဝတ်နေရေး အကျပ်အတည်း ဆိုက်နေကြတဲ့ ရခိုင်ပြည်သူတွေထဲမှာ  ရေလုပ်သားတွေလည်း ပါဝင်ပါတယ်။

၂၀၂၃ နိုဝင်ဘာလမှာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်စစ်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်က ပိတ်ဆို့ထားတာကြောင့် အလုပ်အကိုင်တွေ ခက်ခဲပြီး ကုန်ဈေးနှုန်း အဆမတန် တက်လာတဲ့ ပြဿနာတွေကြောင့် မြေပုံမြို့နယ် ထူးချေရွာက ရေလုပ်ငန်း လုပ်ကိုင်ကြတဲ့ ရေလုပ်သားတွေဟာလည်း စားဝတ်နေရေး အကျပ်အတည်းတွေကို ရင်ဆိုင်နေကြရပါတယ်။

ထူးချေ ရွာသားဖြစ်တဲ့ ဦးမောင်တင်ဝင်းက လက်ရှိမှာ အလုပ်အကိုင်အဆင်မပြေတော့ဘဲ အလုပ်တွေ လျှော့လုပ်နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

"အရင်ကဆိုရင် လှေ ၂ စင်း လူ ၂ ယောက် ပိုက် ၆ လက် အဲဒီလို လုပ်ခဲ့တာ။ အခုတော့ အလုပ်သမားခနဲ့ ဓာတ်ဆီစရိတ်တွေနဲ့ ရလာတဲ့ ပိုက်ဆံနဲ့ တွက်ခြေမကိုက်တော့ စားဝတ်နေရေးလည်း အဆင်မပြေဘူး ဒါကြောင့် အလုပ်တွေ လျှော့လုပ်လာရတယ်။”

ဦးမောင်တင်ဝင်းဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး သူ့မှာ မိသားစု ၅ ယောက် ရှိပါတယ်။ သူဟာ ပင်လယ်ပြင်ကို အမှီပြုပြီး ကျားပိုက်ထောင်ရင်း အသက်မွေးနေသူပါ။ ကျားပိုက်ထောင်တယ်ဆို တာကတော့ ငါးနဲ့ ပုစွန်ကလေးတွေဖမ်းတဲ့ အလုပ်ဖြစ်ပါတယ်။ ကျားပိုက်ကို တနေ့ ၂ ကြိမ်ထောင်ကြပြီး နေ့ရောညပါ အလုပ်လုပ်ကြပါတယ်။

ဦးမောင်တင်ဝင်းတို့ မိသားစုဟာ ကျားပိုက်ထောင်တဲ့ အလုပ်နဲ့ အရင်က အဆင်ပြေခဲ့ကြပေမဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ တဟုန်ထိုး တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မမျှတတော့တဲ့ ဒဏ်ကို ခံစားခဲ့ကြရပါတယ်။

ရခိုင်ပြည်နယ်ဟာ ရေလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်တဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ဦးမောင်တင်ဝင်းတို့ ထူးချေကျေးရွာမှာဆိုရင်လည်း  လူဦးရေ ၁၀ ယောက်မှာ ၈ ယောက်လောက်က ပင်လယ်ပြင်ကို အမှီပြုပြီး သက်မွေးဝမ်းကျောင်းပြုကြတာပါ။ ကျန်တဲ့ ၂ ယောက်ကတော့ ကြုံရာကျပန်း အလုပ်လုပ်ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်ခင်အချိန်က စက်သုံးဆီ တလီတာကို ငွေကျပ် ၃,၅၀၀ လောက်သာရှိခဲ့ပေမဲ့ အခုချိန်မှာတော့ ငွေကျပ် ၁၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

အဲဒါအပြင် အရင်က ငွေကျပ် ၂၀,၀၀၀ ဝန်ကျင်သာရှိခဲ့တဲ့ ရေလုပ်ငန်းသုံးကြိုး ၁ ပိဿာကို ငွေကျပ် ၆၀,၀၀၀ အထိရှိနေပြီး ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့ အခြေအနေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

ဒီလိုအခက်အခဲတွေအပြင် နောက်ထပ် အခက်အခဲတခုကတော့ အာရက္ခတပ်တော်ဟာ  ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲ ၁၄ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ပြီဆိုပေမဲ့ စစ်ကောင်စီရဲ့ ရေတပ်တွေကတော့ ရခိုင်ပင်လယ်ပြင်မှာ သွားလာနေဆဲလို့ ရေလုပ်သားတွေက ဆိုကြပါတယ်။

ဒါတွေကြောင့်ပဲ ငါးဖမ်းလှေတွေဟာ မကြာခဏ ဖမ်းဆီးခံရတာတွေရှိပြီး ကမ်းအဝေးကို မထွက်ရဲဘဲ ကမ်းအနီးအနားတွေမှာဘဲ ဖမ်းနေရတယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရာကနေ ပြန်လွတ်လာတဲ့  ထူးချေကျေးရွာသား အသက် ၅၀ ကျော်အရွယ် ဦးစောသန်းရွှေက ကပြောပါတယ်။

"အဝေးကို ထွက်ပြီး ပိုက်မထောင်ရဆိုတာက အဝေးကို သွားဖမ်းရင် သူတို့(စစ်ကောင်စီ)က လာဖမ်းတယ်။ ငါးတွေက အဝေးကိုထွက်ဖမ်းမှ ပိုရတာကို။ အဝေးမှာ ပိုက်ထောင်လို့ ၃ ခြင်းရရင် ဒီနားမှာက ၁ ခြင်းလောက်ပဲရတယ်။ ဒါကြောင့် လိုက်မမီဘူး ဖြစ်နေကြတယ်။ လူတွေ အကုန်လုံးကလည်း အဝေးကိုသွားပြီး ငါး မဖမ်းရဲတော့ဘူး။ စပိဘုတ်တွေနဲ့ လာဖမ်းတာ၊၊”

ကျားပိုက်ထောင်တဲ့ အလုပ်လုပ်ကိုင်လာတာ ၁၀ နှစ်ကျော်နေပြီဖြစ်တဲ့ ဦးစောသန်းရွှေဟာ ကမ်းအဝေးကို ငါးဖမ်းထွက်လို့ ဖမ်းဆီးခံခဲ့ရပြီး ကျောက်ဖြူထောင်ထဲမှာ ၂ လလောက် ချုပ်နှောင်ခံခဲ့ရပါတယ်။ သူဟာ ငွေကျပ် သိန်း ၅၀ ပေးပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း ပေါက်တောမြို့နယ်က ငါးဖမ်းထွက်တဲ့ ဒေသခံ ၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

ရေလုပ်ငန်းလုပ်ကိုင်သူတွေအတွက် နောက်ထပ် အခက်အခဲတခုလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းတွေ အကုန်လုံး ပိတ်ဆို့ထားတာကြောင့် ကျားပိုက်ထောင်ရင်း ရလာတဲ့ ငါးတွေကို ဒေသတွင်းမှာပဲ လှည့်ပတ်ရောင်းချနေရတာကြောင့် အရင်ကလောက် အဆင်မပြေဘူးလို့ ဆိုကြပါတယ်။

ဦးစောသန်းရွှေရဲ့ ဇနီး ဒေါ်ခင်ခင်လှကတော့ အရင်က ပုဇွန် ၁ ပိဿာကို ငွေကျပ် ၂၅,၀၀၀ နဲ့ ရောင်းရတာပါ၊ အခုတော့ ပုဇွန် ၁ ပိဿာကို ငွေကျပ် ၅၀,၀၀၀ နဲ့ ရောင်းရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဝယ်မယ့်သူ မရှိတဲ့အတွက် စားဝတ်နေရေး အဆင်မပြေဘူးလို့လည်း ဆိုပါတယ်။

ထူးချေ ကျေးရွာနေ ဒေါ်ခင်ခင်လှ “အရင်က ပြည်မတွေကို ကားနဲ့တင်ပို့လို့ရတဲ့ ခေတ်မှာဆိုရင် အဆင်ပြေခဲ့တယ်။ စျေးမှန်လည်းရတယ်။ အခုဆိုရင် ပြည်မတွေကို မတင်ပို့ရလို့ စျေးမှန်မရဘူး။ အရင်က ဆိုရင် ငါးပိ တထုပ်ကို ၄,၀၀၀ ရတယ်။ ပုစွန်မှုန့် တထုပ်ကို ၄,၀၀၀ ရခဲ့တယ်။ အခုက ပုဇွန်မှုန့် တထုပ်ကို ၂,၀၀၀ ၊ ငါးပိကြော် တထုပ်ကို ၂,၀၀၀ ရောင်းတာတောင် ဝယ်မယ့်သူတွေလည်း မရှိကြဘူး။ ပြီးတော့ အခု ပုစွန် တပိဿာကို ၅၀,၀၀၀ ရောင်းရတယ်၊ ဝယ်မယ့် သူတွေမရှိဘူး။ အရင်ကဆိုရင် ဝယ်မဲ့သူတွေ အများကြီးရှိတယ်။ အရင်က ဝယ်မယ့်သူတွေက ထိုင်စောင့်နေကြတာ၊ အခုဆိုရင် သွားရောင်းရင် ဝယ်မယ့်သူတွေ မရှိကြဘူး။ အဲဒီတော့ စားဝတ်နေရေး အဆင်မပြေ ဖြစ်ပြီလေ အရင်နဲ့ အခုက တအားကွာခြားသွားတာ”လို့ ပြောပါတယ်။

အရင်က ဒေသတွင်းအခေါ် ဆန် တထုပ်ကို ငွေကျပ် ၅,၀၀၀ ၊ စားသုံးဆီ တလီတာကို ငွေကျပ် ၂,၀၀၀ ရှိခဲ့ရာကနေ အခုလက်ရှိတက်လာတဲ့ ကုန်ဈေးနှုန်းတွေအရ ဆန် တထုပ်ကို ငွေကျပ် ၂၅,၀၀၀ ၊ စားသုံးဆီ တလီတာကို ငွေကျပ် ၁၀,၀၀၀ ဖြစ်သွားတဲ့အတွက် ရေလုပ်သားတွေရဲ့ တလ လုပ်စာဟာ လောက်ငှမှု မရှိတဲ့အတွက် အရင်ကလို ငါး၊ ပုစွန်တွေကို တခြားဒေသတွေဆီ တင်ပို့ရောင်းချခဲ့တဲ့ အချိန်တွေကို လွမ်းဆွတ်နေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ငါးဖမ်းလုပ်ငန်းတွေကို လုပ်ကိုင်ကြတာကတော့ ကမ်းရိုးတန်းမြို့နယ်တွေ ဖြစ်ပြီး စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင်၊ ရမ်းဗြဲ၊ ဂွ စတဲ့မြို့နယ်တွေမှာတော့ ငါးဖမ်းလုပ်ငန်းကို အများအပြားလုပ်ကိုင်ကြတာပါ။

ရခိုင်ပြည်နယ်က ရေလုပ်ငန်း လုပ်ကိုင်သူတွေဟာ အခုလို အခက်အခဲတွေကြောင့် အလုပ်အကိုင် ပြောင်းဖို့ စဉ်းစားလာကြပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ ရှားပါးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထူးချေ ကျေးရွာသား ဦးမောင်တင်ဝင်းက “အလုပ်သစ်ပြောင်းချင်တယ် ဆိုတာက ပိုက်ချလို့ ငါးတွေလည်း မရတော့ဘူး။ လူငှားစရိတ်တွေနဲ့ စားဝတ်နေရေးကလည်း အခက်အခဲ ဖြစ်လာတယ်။ ကုန်စျေးနှုန်းတွေက တက်လာတယ်။ ပိုက်ဆံက တန်ဖိုးမရှိ ဖြစ်လာတယ်။ ဒီအလုပ်ကို စွန့်ပြီး နောက်တခုကို ပြောင်းလုပ်မယ်လို့တော့ စဉ်းစားထားတာပဲ။ ဒါပေမဲ့ ခေတ်က ပျက်နေတော့ ပစ္စည်းတွေကိုလည်း ရောင်းလို့မထွက်ဘူး ဖြစ်နေတယ်။ လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်းရ ရှားပါးနေတော့ ဒီအလုပ်ကိုပဲ ဆက်လုပ်နေရဦးမှာပဲ။ အရင်းအနှီးတွေကလည်း မရှိဘူး။ အဆင်မပြေပေမဲ့လည်း ဒီအလုပ်ကိုပဲ ဆက်လုပ်နေရတယ်။ ဒီအလုပ် လုပ်တာက ဝမ်းရေးအတွက် တရက်စာလောက်ပဲ ရတယ်”လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ စီးပွားရေးကဏ္ဍ ကျဆင်းမှုနဲ့အတူ ပြည်တွင်းက လူ ၃ ယောက်မှာ ၁ ယောက်နှုန်း ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က စက်တင်ဘာလ ၅ ရက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကျရောက်မယ့် အန္တရာယ် ကြုံတွေ့နေတယ်လို့လည်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က ရေလုပ်သားတွေဟာ အခုလို အဆမတန်တက်တဲ့ ကုန်ဈေးနှုန်းတွေနဲ့ ရေလုပ်ငန်းအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေသာ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် စားဝတ်နေရေး မဖူလုံတဲ့ ပြဿနာ ကြုံတွေ့လာရမှာကို စိုးရိမ်နေကြပါတယ်။

ညီထွေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013