
ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးဖြစ်တဲ့ Bitcoin ရဲ့ ဈေးကွက်တန်ဖိုးဟာ အောက်တိုဘာလ ၅ ရက်မှာ အမြင့်ဆုံးဖြစ်လာပြီး ၁ ကွိုင်ကို အမေရိကန် ဒေါ်လာ ၁၂၅,၂၄၅ အထိ မြင့်တက်လာကာ ၂ ဒသမ ၇ ရာခိုင်နှုန်း နီးပါး တိုးတက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Bitcoin ရဲ့ ပြီးခဲ့တဲ့ အမြင့်ဆုံးစံချိန်က ဩဂုတ်လက ဖြစ်ပြီး ဒေါ်လာ ၁၂၄,၄၈၀ အထိ စံချိန်တင် မြင့်တက်ခဲ့တာပါ။
အဲ့ဒီအချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကမ်းဖြေလျော့မှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပိုများလာခဲ့တာကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ၈ ကြိမ်ဆက်တိုက် ဈေးနှုန်းတိုးမြင့်လာတာဖြစ်ပြီး အမေရိကန်မှာ ရှယ်ယာဈေးနှုန်းတွေတိုးတက်လာတာနဲ့ Bitcoin မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာကြောင့်လည်း ဖြစ်ပါတယ်။
ခရစ်ပတိုငွေကြေးနဲ့ ဆန့်ကျင်ဘက်ကတော့ အမေရိကန်ဒေါ်လာ ဈေးဖြစ်ပြီး သောကြာနေ့က ကျဆင်းခဲ့ပါတယ်။
ဒါဟာ ဒေါ်လာဈေးနှုန်းအတွက် ရက်သတ္တပတ်ပေါင်းများစွာ ကျဆင်းမှုလည်း ဖြစ်ပါတယ်။ အမေရိကန် အစိုးရအဖွဲ့ လုပ်ငန်းရပ်ဆိုင်းမှုနဲ့ အဓိက အချက်အလက်တွေ ထုတ်ပြန်ဖို့ နောက်ကျတာ၊ လစာပေးတာ စတာတွေအပြင် စီးပွားရေးတိုင်းတာမှုကိုပါ အခက်အခဲဖြစ်စေခဲ့ပါတယ်။
Source: Reuters










