
ကမ္ဘာ့အကြီးမားဆုံး ခရစ်ပတိုငွေကြေးဖြစ်တဲ့ Bitcoin တန်ဖိုးဟာ စံချိန်တင်မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၆,၀၀၀ အထိ ဖြစ်လာခဲ့ပါတယ်။
ဒါဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပ် အနိုင်ရပြီးနောက်ပိုင်း ၅၀ ရာခိုင်နှုန်းကျော် တန်ဖိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
တနင်္လာမနက်ပိုင်း အာရှဈေးကွက်မှာတော့ Bitcoin တန်ဖိုးက ဒေါ်လာ ၁၀၄,၅၀၀ လောက်ကို အနည်းငယ် ပြန်ကျသွားပါတယ်။
အခုတက်လာမယ့် ထရမ့်ပ်အစိုးရဟာ ဘိုင်ဒင်လက်ထက်တုန်းကထက် ခရစ်ပတိုငွေကြေးကို ပိုပြီးလက်သင့်ခံကာ အသုံးချနိုင်တယ်လို့ ရှုမြင်ထားကြပါတယ်။
ဒါကြောင့်ပဲ ထရမ့်ပ်က ဆီလီကွန်တောင်ကြားက စွန့်ဦးလုပ်ငန်းရှင်ဖြစ်တဲ့ ဒေးဗစ်ဆက်ခ်စ်ကို AI အသိဥာဏ်ရည်တုနဲ့ ခရစ်ပတိုငွေကြေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဆက်ခ်စ်ဟာ PayPal အွန်လိုင်းငွေပေးချေမှုကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိဟောင်း တယောက်ဖြစ်သလို အီလွန်မတ်စ်ခ်နဲ့လည်း အတော်လေးရင်းနှီးသူ ဖြစ်ပါတယ်။
ဒါ့အပြင် ခရစ်ပတိုငွေကြေးလိုလားတဲ့ ဝါရှင်တန် ရှေ့နေဖြစ်သူ ပေါလ်အတ်ကင်စ်ကိုပါ ဘဏ္ဍာရေးဆိုင်ရာ လုံခြုံမှုနဲ့ ငွေကြေးလဲလှယ်မှုကော်မရှင် SEC ရဲ့ ဥက္ကဋ္ဌအဖြစ် အဆိုပြုမယ်ဆိုပြီး ထရမ့်ပ်က ပြောကြားထားပါတယ်။
ထရမ့်ပ်က ဒစ်ဂျစ်တယ်ငွေကြေးကို အရန်ရေနံထားရှိသလိုမျိုး စုဝေးသိုမှီးထားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထပ်လောင်း ပြောဆိုခဲ့ပါသေးတယ်။
Source : Reuters










