DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ မဲစာရင်းမကြည့်သူ အရေးယူမည်ဟု ခြိမ်းခြောက်၊ ဧည့်စာရင်းအကြောင်းပြပြီး တလအတွင်း လူ ၅၀ ကျော် ဖမ်းဆီးခံရ
DVB
·
October 5, 2025
ဧရာဝတီတိုင်း၌ မဲစာရင်းမကြည့်သူ အရေးယူမည်ဟု ခြိမ်းခြောက်၊ ဧည့်စာရင်းအကြောင်းပြပြီး တလအတွင်း လူ ၅၀ ကျော် ဖမ်းဆီးခံရ
1 / 2
Donate to DVB

ဧရာဝတီတိုင်း မြို့နယ်တချို့မှာ မဲဆန္ဒရှင်စာရင်းတွေ ကြေညာထားတာကို လာမကြည့်ရင် အရေးယူမယ်လို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အရပ်သားပြည်သူတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လာမယ့်ဒီဇင်ဘာလမှာ စစ်ကောင်စီက စတင်ကျင်းပမယ့်  ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်း ကြေညာတာကို စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ နေအိမ်တွေမှာ အစောင့် တယောက်၊ ၂ ယောက် အနည်းဆုံးထားပြီး စာရွက်နဲ့ကပ်ပြီး ကြေညာထားတာ ဖြစ်ပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်နေ ဒေသခံတယောက်က “ဘယ်လို အရေးယူမလဲတော့ မသိဘူး။ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ခေါ်တာ။ မဲစာရင်းမှာ ကိုယ့်အမည် ပါ၊ မပါ လာကြည့်ကြပေါ့။ ခဏလာလာကြည့်ရတာပေါ့၊ ဘာဖြစ်သွားမှာလဲ ပြောတာ။ မလာရင် ဖမ်းဆီးအရေးယူလို့ ရတယ်ပေ့ါ။ တကယ့်ကိုမလွယ်ဘူး။ အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ပြောတာ''လို့ ပြောပါတယ်။

မဲစာရင်းကြည့်ဖို့ အစည်းအဝေးခေါ်ဖိအားပေးတာအပြင် ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက အရေးယူမယ်ဆိုပြီး အိမ်တိုင်ရာရောက် ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ရေကြည်မြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီ လုပ်တဲ့အရာမှန်သမျှ သက်သောင့်သက်သာဆိုတာ တခါမှမရှိဘူး။ ရာအိမ်မှူးတွေဆို အိမ်အထိ လာပြောတာ။ မဲပေးခွင့်ရဖို့ မဲစာရင်းကြည့်ကို ကြည့်ရမယ်ပေါ့။ မကြည့်ရင် မိသားစုအကျိုးဆက် အာမ မခံဘူးလို့တောင် ပြောတာ။''

မဲစာရင်းမှာ အမည်မပါလာပါက ပုံစံ(၃)နဲ့ တောင်းခံရမှာဖြစ်ပြီး အမည်၊ မှတ်ပုံတင်၊ အဖအမည်တွေ လွဲမှားနေပါက ပုံစံ(၄-ဂ) နဲ့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မဲစာရင်းမှာ မပါဝင်သင့်တဲ့ သူတွေ ပါဝင်နေပါက ပုံစံ (၄) နဲ့ ကန့်ကွက်ပေးရမယ်လို့ အသံချဲ့စက်တွေ အသုံးပြုပြီး လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁  ကျင်းပမယ့် မြို့နယ်တွေထဲမှာ  ဧရာဝတီတိုင်းထဲက မြို့နယ် ၈ မြို့နယ် ပါဝင်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း ညအချိန်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး အရပ်သား အယောက် ၅၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့လည်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက ညဘက်တွေမှာ ဧည့်စာရင်းအကြောင်းပြ စစ်ဆေးပြီး ဒေသခံအရပ်သား အယောက် ၅၀ ကျော်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “အုပ်ချုပ်ရေးမှူးတွေရဲ့ သတင်းပေးချက်အရ ဖမ်းတာရှိသလို ရှောင်တခင် စစ်ဆေးဖမ်းခဲ့တာတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့တလ အဖမ်းခံရတာ မနည်းဘူး။ ရဲစခန်း မတိုင်ထားလို့ အဖမ်းခံရတာများတယ်လို့ သိရတယ်။ အမှုတွဲကိုတော့ ရဲလည်း ကိုင်သလို တပ်ဘက်ကလည်း ကိုင်တာရှိတယ်” လို့ ပြောပါတယ်။

ဧည့်စာရင်းအကြောင်းပြ အဖမ်းခံရသူတွေဟာ ပုသိမ်က ၈ ယောက်၊ ဖျာပုံ ၅ ယောက်၊ ဟင်္သာတက ၆ ယောက်၊ ရေကြည်က ၉ ယောက်၊ လေးမျက်နှာက ၁၁ ယောက်၊ ကျုံပျော် ၈ ယောက်၊ မအူပင်က ၆ ယောက် စတဲ့မြို့နယ်တွေက အများဆုံး အဖမ်းခံခဲ့ရတာလို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

လေးမျက်နှာမြို့နယ်က ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးဆီ သွားပြောထားတယ်။  စစ်ရှောင်မိသားတွေ လာတည်းခိုနေတယ်လို့။ အုပ်ချုပ်ရေးမှူးကလည်း ရတယ်၊ လိုအပ်တဲ့ အချက်အလက်တွေ မေးပြီး နေခွင့်ပြုထားတာ။ တပ်နဲ့ ရဲက ဧည့်စာရင်းလာစစ် ဖမ်းတော့ အုပ်ချုပ်ရေးမှူးက နှုတ်ပိတ်နေတာ၊ မသိဟန်ဆောင်နေတာ။ ပြည်သူအားကိုးမရတဲ့ အုပ်ချုပ်သူအဖွဲ့တွေ” လို့ ပြောပါတယ်။

တလအတွင်း ဧည့်စာရင်းအကြောင်းပြ အဖမ်းခံရတဲ့ အရပ်သားတွေကို သက်ဆိုင်ရာ နယ်မြေ တပ်စခန်းနဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးထားတာဖြစ်ပြီး တိုက်ပွဲရှောင်ရင်း မိသားစုတွေဆီ ခေတ္တလာရောက် ခိုလှုံနေတဲ့ အရပ်သားတွေ အများဆုံး အဖမ်းခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဖမ်းခံရတဲ့သူတွေထဲမှာ ရပ်ကွက်အတွင်း အိမ်ငှားရမ်းနေထိုင်သူတွေ၊ တအိမ်တည်း အတူနေထိုင်ပြီး အိမ်ထောင်စုပွား ဖြစ်တာကြောင့် အိမ်ထောင်စုဇယားအတွင်း စာရင်းမဖြည့်ရသေးသူတွေ၊ သန်းခေါင်စာရင်း မပြောင်းရသေးသူတွေနဲ့ အသစ်မလုပ်ရသေးသူတွေလည်း ပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013